ကလေးစစ်သားကိစ္စ မီဒီယာတစ်ခုသို့ ပြောကြားမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် အောင်ကိုထွေးနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၁၅၄ ဖွဲ့ သဘောထားထုတ်ပြန်

ကလေးစစ်သားကိစ္စ မီဒီယာတစ်ခုသို့ ပြောကြားမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် အောင်ကိုထွေးနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၁၅၄ ဖွဲ့ သဘောထားထုတ်ပြန်
Published 4 April 2018

ကလေးစစ်သားကိစ္စ မီဒီယာတစ်ခုသို့ ပြောကြားမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် အောင်ကိုထွေးနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၁၅၄ ဖွဲ့က သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကိုအောင်ကိုထွေးအား တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် အမြင့်ဆုံးထောင်ဒဏ်ချမှတ်ထားသည်ကို တွေရှိရကြောင်း၊ ထို့ပြင် အောင်ကိုထွေးအား တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ နှင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ (၇) တို့ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့ခြင်းများ ရှိနေသည့်အတွက် နစ်နာသူအား တရားဥပဒေအကြောင်းအရ အခါခါနစ်နာအောင် ပြုမူနေသကဲ့သို့ဖြစ်နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးစာချုပ်ကို ၁၉၉၁ ခုနှစ် ဇူလိုင် ၁၅ ရက်ကပင် လေးစားလိုက်နာပါမည်ဟု ကတိပြုခဲ့ကြောင်း၊ အောင်ကိုထွေးကို ၂၀၁၅ ခုနှစ်မှစတင်၍ ကလေးစစ်သားအဖြစ် စုဆောင်းပြီး ခက်ခဲကြမ်းတမ်းလှသည့် ကလေးစစ်သားဘဝကို တွေ့ကြုံရသည်မှာ နိုင်ငံတစ်ရပ်အနေဖြင့် လေးစားလိုက်နာပါမည်ဟု ကတိပြုထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို နိုင်ငံ၏တရားဝင်အဖွဲ့အစည်းတစ်ခုက ချိုးဖောက်ခြင်းသာဖြစ်ကြောင်း၊ တရားစွဲဆိုခံရခြင်းသည် နိုင်ငံသားတစ်ယောက်၏ အခြေခံရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အာဏာသုံး၍ ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူတိုင်း၏ အခြေခံရပိုင်ခွင့်ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) တွင် အတိအလင်းပြဋ္ဌာန်းထားကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ (၃၅၄) အပိုဒ်ခွဲ (က) တွင် နိုင်ငံသားတိုင်းအား မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ဖြန့်ဝေခွင့်ကို ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်း အတွေ့အကြုံများနှင့် စစ်သားဘဝအတွေ့အကြုံများကို သတင်းမီဒီယာသို့ဖြေကြားခဲ့ခြင်းမှာ ၎င်း၏အခွင့်အရေးကို အသုံးချခြင်းသာဖြစ်၍ တရားဥပဒေကို ချိုးဖောက်ခြင်းမဟုတ်ဟု သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောင်ကိုထွေးအား တရားစွဲဆို အပြစ်ပေးခံရခြင်းနှင့်ပတ်သက်ပြီး အခြေခံလူ့အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ချိုးနှိမ်ရာကျနေသဖြင့် အရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အောင်ကိုထွေးအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် လက်ရှိတရားစွဲဆိုထားသောအမှုများကို ခြွင်းချက်မရှိ ရုပ်သိမ်းပယ်ဖျက်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent