အစိုးရ၏ ဘတ်ဂျက်လိုငွေကြောင့် ဖြစ်ပေါ်လာသော အတိုးပေးဆပ်မှုကို လျှော့ချနိုင်ရန် အကြောင်းတစ်ခုတည်းဖြင့် အတိုးနှုန်းလျှော့ချရန် ဆောင်ရွက်ခြင်းသည် အခြားပိုမိုပြင်းထန်သည့် အကျိုးဆက်ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သတိပြုရမည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်း

အစိုးရ၏ ဘတ်ဂျက်လိုငွေကြောင့် ဖြစ်ပေါ်လာသော အတိုးပေးဆပ်မှုကို လျှော့ချနိုင်ရန် အကြောင်းတစ်ခုတည်းဖြင့် အတိုးနှုန်းလျှော့ချရန် ဆောင်ရွက်ခြင်းသည် အခြားပိုမိုပြင်းထန်သည့် အကျိုးဆက်ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သတိပြုရမည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်း
Published 1 February 2018

ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

အစိုးရ၏ ဘတ်ဂျက်လိုငွေကြောင့် ဖြစ်ပေါ်လာသော အတိုးပေးဆပ်မှုကို လျှော့ချနိုင်ရန် အကြောင်းတစ်ခုတည်းဖြင့် အတိုးနှုန်းလျှော့ချရန် ဆောင်ရွက်ခြင်းသည် အခြားပိုမို ပြင်းထန်သည့် အကျိုးဆက်ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သတိပြုရမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြန်လည်ရှင်းလင်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်မှာ မိမိဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းဖို့ ဗဟိုဘဏ်က ချေးယူခြင်း လျှော့ချနိုင်အောင် ရည်မှန်းထားတာဖြစ်တဲ့အတွက် လိုအပ်သော ငွေကြေးပမာဏရအောင် ဈေးကွက်အခြေအနေအရ အတိုးနှုန်းပေးအပ်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မိမိပေးချင်တဲ့ အတိုးနှုန်းအတိုင်း လျှော့ချပေးမယ်ဆိုရင် မိမိလိုအပ်သော ငွေကြေးပမာဏကို မရရှိဘဲ ဗဟိုဘဏ်ကပဲ ငွေချေးယူနေရမှာ ဖြစ်ပါတယ်။ အတိုးနှုန်း မကြိုက်လို့ ပြည်သူတွေနဲ့ ဈေးကွက် အစိုးရငွေတိုက်စာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မပြုဘူးဆိုရင် စီးပွားရေးအတွင်းမှာ ငွေကြေးလိုအပ်တာထက် ပိုလျှံနေပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်စေမှာဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုဖြစ်လာရင် စီးပွားရေးတစ်ခုလုံး ပြည်သူတစ်ရပ်လုံးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ဘတ်ဂျက်လိုငွေကြောင့် ဖြစ်ပေါ်လာရတဲ့ အတိုးပေးဆပ်မှုကို လျှော့ချနိုင်ဖို့ အကြောင်းတစ်ခုတည်းနဲ့ အတိုးနှုန်းလျှော့ချဖို့ ဆောင်ရွက်တာဟာ အခြားပိုမိုပြင်းထန်တဲ့ အကျိုးဆက်ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သတိပြုရမှာဖြစ်ပါတယ်”ဟု ဦးစိုးမင်းက ပြောကြား သည်။

ထို့ပြင် ဘဏ်အတိုးနှုန်းကို လျှော့ချပါက စီးပွားရေးလုပ်ငန်းများ၏ မတည်ရင်းနှီးမှုအတွက် ကုန်ကျစရိတ်ကို လျှော့ချစေနိုင်သည်မှာ မှန်သော်လည်း အခြေခံပြည်သူများ၏ ခံစားခွင့်နှင့် စုဆောင်းငွေပမာဏကို အဓိက ကြည့်ရန်လိုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဆိုသည်။

ပုဂ္ဂလိကဘဏ်များ၌ အပ်နှံငွေ စုစုပေါင်း ဘီလျံ ၂၇၀၀၀ တွင် Saving and Fixed Deposit သည် ဘီလျံ ၂၂၀၀၀ ရှိပြီး အပ်ငွေ အားလုံး၏ ရာခိုင်နှုန်း ၈၀ ရှိကြောင်း၊ အဆိုပါ စုဆောင်းငွေများသည် အခြေခံနှင့် လူလတ်တန်းစားများ၏ ပင်စင်လစာကို မှီခိုကြရသည့် ပင်စင်စားများ၊ စီးပွားရေးလုပ်ငန်းများနှင့် များစွာ ဆက်စပ်မှုမရှိသည့် ပြည်သူများ၏ အပ်နှံငွေများဖြစ်ကြောင်း၊ အတိုးနှုန်းချလိုက်ခြင်းဖြင့် Saving မအပ်ကြတော့၍ ငွေကြေးစနစ် ထိခိုက်မည်ထက် အခြေခံပြည်သူများကို ရိုက်ခတ်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနယ်ပယ်ကိုသာမက လူမှုရေး၊ နိုင်ငံရေးနယ်ပယ်အထိ ကြီးမားသော ထိခိုက်သက်ရောက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချရန် အစီအစဉ်မရှိခြင်းနှင့် ပတ်သက်ပြီး အတိုးနှုန်း လျှော့ချရန် ဆွေးနွေးခဲ့သည့် ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က “ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေ လျှော့ချဖို့ပေ့ါနော်။ လျှော့ချဖို့ဆိုတာ မတရားလျှော့ချခိုင်းတာ မဟုတ်ဘူး။ အပ်ငွေပေါ်မှာ ရှစ်ရာခိုင်နှုန်းကို ခုနစ်ရာခိုင်နှုန်း လျှော့ချခိုင်းတယ်။ ချေးငွေပေါ်မှာ ၁၃ ရာခိုင်နှုန်းကို ၁၁ ရာခိုင်နှုန်း လျှော့ချခိုင်းတယ်ပေ့ါနော်။ အဲဒီလို လျှော့ချ ခိုင်းတာ။ ကျွန်မ သုံးဦးသုံးဖလှယ် စဉ်းစားတယ်။ နံပါတ် (၁) က ဘာလဲဆိုရင် ဘဏ်တွေ အဆင်ပြေပါ့မလား။ နံပါတ် (၂) က ဘဏ်မှာ အပ်တဲ့သူတွေ အဆင်ပြေပါ့မလား။ နံပါတ် (၃) ကကျတော့ ဘဏ်ကနေ ငွေချေးပြီးတော့ အလုပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပါ့မလားလို့ သုံးဦးသုံးဖလှယ် စဉ်းစား တယ်။ ဒါပေမဲ့ ဘဏ်က ငွေချေးတာက စီးပွားရေးလုပ်ငန်း တစ်ခုတည်းမဟုတ်ဘူး။ အစိုးရကိုယ်တိုင်က ငွေချေးနေရတယ်။ ပြည်သူဆီက ဘဏ်ကနေတစ်ဆင့် ငွေချေးတယ်ဆိုတာ ပြည်သူ့ပိုက်ဆံကို အစိုးရငွေချေးနေရတာ။ အစိုးရက အကြွေးအများဆုံးပဲ။ ၁၈ ဒသမ ၀၂ ထြီလျံ ရှိတယ်။ အဲဒီအပေါ်မှာ ပေးနေရတာ။ အတိုးနှုန်းက တစ်ရာခိုင်နှုန်းလေး လျှော့ချလိုက်ရင် ဆီလျော်ပါတယ်လို့ ကျွန်မက လွှတ်တော်မှာ ဆွေးနွေးတာပေ့ါနော်။ ဗဟိုဘဏ်က ပြန်ဖြေသွားတဲ့ ပုံကကျတော့ ဗဟိုဘဏ်မှာလာပြီးစုတဲ့ ရာခိုင်နှုန်း ၈၀ ဟာ ပင်စင်စားတွေလိုမျိုး ပင်စင်စားတွေကလာပြီး ရာခိုင်နှုန်း ၈၀ ရှိတယ်ဆိုတော့ ဒါအများစုဖြစ်တဲ့အတွက် ရှစ်ရာခိုင်နှုန်းကို ခုနစ်ရာခိုင်နှုန်း မပြောင်းနိုင်ဘူးလို့ ပြောတာပေ့ါနော်။ တိုင်းပြည်တစ်ခုကို ကြည့်ရင် အစိုးရတစ်ရပ်ရဲ့ တာဝန်က အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင်လုပ်ရမယ်။ အလုပ်လက်မဲ့တွေ နည်းအောင်လုပ်ရမယ်။ ဒါအစိုးရတစ်ရပ်ရဲ့ တာဝန်ပဲ။ အဲဒါလုပ်ဖို့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရမယ်။ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်သာကိုင်သာရှိတဲ့ အတိုးနှုန်းတွေ လုပ်ပေးရမယ်။ ကျွန်မပြောတဲ့ အတိုးနှုန်းက မရိုင်းပါဘူး။ လုပ်ပေးချင်စိတ်ရှိရင် လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ မလုပ်ပေးဘူး။ ဒါကတော့ ရေရှည်မှာကြည့်ရမှာပေါ့။ ၂၀၁၈၊ ခြောက်လရယ်။ ၂၀၁၈ - ၂၀၁၉ ဘတ်ဂျက်မှာ စီးပွားရေးတွေ ဘယ်လိုဖြစ်မှာမလဲဆိုတာ ကြည့်ရင်တော့ အဖြေက ပေါ်လာမှာပါ”ဟု ပြောကြားသည်။

မည်သည့် အတိုးနှုန်းမဆို ငွေကြေးဖောင်းပွမှုနှုန်းထက် သာရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ ကြားဖြတ်ဘတ်ဂျက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်းထားသည် ငါးရာခိုင်နှုန်း အောက်တွင် ရှိသောကြောင့် မိမိတောင်းဆိုသည့် ခုနစ်ရာခိုင်နှုန်းသည် ဆီလျော်ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

Most Read

Most Recent