တနိုင်းမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆို ကချင်ပြည်နယ်လွှတ်တော်တွင် မအောင်မြင်

တနိုင်းမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆို ကချင်ပြည်နယ်လွှတ်တော်တွင် မအောင်မြင်
Published 4 August 2017

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆို ကချင်ပြည်နယ် လွှတ်တော်တွင် မအောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်သက်တမ်း ခုနစ်နှစ်ကျော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ပထမဆုံး အကြိမ်တင်သွင်းသည့် အဆိုဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေက “ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသ သဘာ၀ ထိန်းသိမ်းရေးနယ်မြေတွင် တရားမဝင် ရွှေနှင့် ပယင်း တူးဖော်လုပ်ကိုင်နေမှုအား ရပ်စဲ၍ ပတ်ဝန်းကျင်ပျက်စီးမှုအား ထိန်းသိမ်းနိုင်ရေးအတွက် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေး” ခေါင်းစဉ်ဖြင့် အဆိုတင်ခဲ့ခြင်းဖြစ်သည်။

အဆိုရှင်ဖြစ်သူ ဗိုလ်မှူးလှိုင်ဖြိုးဝေက ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့် ဝှမ်းဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဇီဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ ဧရိယာအကျယ်အဝန်း ၂၄၀၀ စတုရန်းမိုင်၊ ၁၅၇၄၄၀၀ ဧကရှိကြောင်း၊ တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်နှင့် ခန္တီးမြို့နယ် အတွင်းရှိ ဧရိယာ၂၇၁၈၇၂၀ ဧက၊ စတုရန်းမိုင် ၄၂၄၈ နယ်မြေကို ၂၀၁၀ ပြည့်နှစ်တွင် တိုးချဲ့ခဲ့ကြောင်း၊ ယင်းနယ်မြေအတွင်း မြေအသုံးချမှုကို ပြည်ထောင်စုအစိုးရက ခွင့်ပြုမှသာ ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှလည်း ယင်းဒေသရှိ မည်သည့် ကျောက်မျက်လုပ်ငန်းများကိုမျှ တူးဖော်ခွင့်ပြုပေးထားခြင်း မရှိကြောင်း၊ ယင်းဒေသတွင် အစိုးရ၏ ကွပ်ကဲထိန်းချုပ်မှုအား နည်းပြီး ကေအိုင်အေ/ကေအိုင်အိုအဖွဲ့က တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းများကို ခေါ်ဆောင်ကာ ရွှေ၊ ပယင်းတူးဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ယင်းလုပ်ငန်းများတွင် ဒေသခံနည်းပြီး ရွှေ့ပြောင်းလုပ်သား တစ်သိန်းဝန်းကျင်ရှိကြောင်း၊ ဆားကျင်း၊ နန့်ဗျူ၊ ဆွတ်ကြိုင်စသည့် ပယင်းမှော်ကြီးများ ၁၀ ခုကျော် ရှိနေသည်ကို တွေ့ရပါကြောင်း၊ ပယင်း၊ ရွှေတူးဖော်မှုကြောင့် ကြီးမားသည့် ချိုင်ခွက်ကြီးများ ဖြစ်ပေါ်နေခြင်း၊ ရွှေသန့်စင်ရာတွင် အသုံးပြုသည့် ပြဒါး၊ ဆာလာနိုက် ဓာတုဗေဒ ဆေးဝါးများကြောင့် ပတ်ဝန်းကျင် ထိခိုက်နေသည်ကို တွေ့ရကြောင်း၊ ရွှေ့ပြောင်းလုပ်သားများကြောင့် ဒေသတွင်းကုန်းဈေးနှုန်း မြင့်တက်ခြင်းကို ဒေသခံများ ခံစားနေရကြောင်း၊ ယင်းဒေသ တရားမဝင် လုပ်ငန်းများက ကေအိုင်အို/ကေအိုင်အေ အဖွဲ့သို့ နှစ်စဉ် ဆက်ကြေးငွေ ကျပ်သိန်း ၂၈၀၀၀ ခန့် ပေးဆောင်နေရကြောင်း၊ အစိုးရဘက်မှ အခွန်မရခြင်းကြောင့် နစ်နာနေကြောင်း၊ ဥပဒေအရလည်း ပြစ်ဒဏ် အမျိုးမျိုးကို ပြဋ္ဌာန်းထားပါကြောင်း၊ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဂေဟပျက်စီးမှုကို ကာကွယ်ရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတပစ္စည်း အားလုံးမှာ နိုင်ငံတော်ပိုင် ဖြစ်ပါကြောင်း၊ ထုတ်ယူသုံးစွဲခြင်း ပြုပါက လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်ဟု ပါရှိပါကြောင်း၊ ဥပဒေစိုးမိုးသည့်နေရာတွင် အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့တို့ကို တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရပြီး ဥပဒေ စိုးမိုးမှု အားနည်းသည့် နေရာတွင် တပ်မတော်က ပါဝင်ဆောင်ရွက်ရပါကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်း သဘာဝပတ်ဝန်းကျင် နယ်မြေကို ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၂ ခုနှစ်များတွင် ရာဇဝတ် ဥပဒေပုဒ်မ ကျင့်ထုံး ၁၄၄ အား ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအချိန်တွင် သက်တမ်း ကျော်လွန်ခြင်းကြောင့် အာဏာတည်မြဲမှု မရှိတော့ကြောင်း၊ ယခုအချိန်တွင် တရားမဝင် ရွှေနှင့် ပယင်း တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများလာ၍ ဟူးကောင်းချိုင့်ဝှမ်း ဒေသကို ထိန်းသိမ်းနိုင်ရေးအတွက် ယခင် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော နေရာနှင့် ဟူးကောင်းချိုင့်ဝှမ်း တိုးချဲ့ဒေသများကို ပုဒ်မ ၁၄၄ ထုတ်ပြန်သင့်ပါကြောင်း၊ ထိုကြောင့် ကန့်သတ်နယ်မြေ သတ်မှတ်ရေးအတွက် ပြည်နယ်လွှတ်တော်တွင် တင်ပြရခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး တနိုင်းမဲဆန္ဒနယ် အမှတ် (၂) နှင့် ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ကန့်သတ်နယ်မြေ ပြုလုပ်ခြင်းမှာ ယင်းဒေသအတွင်း ဒေသခံကျေးရွာများ ရှိနေခြင်းကြောင့် မဖြစ်သင့်ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင်လည်း တနိုင်းပဋိပက္ခကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ရသည့်အတွက် စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ တခြားသောနည်းလမ်းဖြင့် ဖြေရှင်းရန်အဆို တင်ထားပါကြောင်း၊ ကန့်သတ်နယ်မြေ ပြုလုပ်သဖြင့် ဒေသခံ ပြည်သူလူထုကို တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေမည် ဖြစ်ကြောင်း၊ မှော်ဒေသတွင် စာဖြန့်ဝေမှုကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပြုလုပ်ခဲ့သော်လည်း မိမိတို့မှာ မသိရှိရပါကြောင်း၊ ယင်းအကျိုးဆက်ကြောင့် ကောင်းကျိုးဆိုးကျိုးများကိုလည်း ပြည်သူများ ခံစားရပါကြောင်း၊ ထို့ကြောင့် အဆိုကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။

ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် သင့် မသင့် မဲခွဲဆုံးဖြတ်ရာ အဆိုကို ထောက်ခံသူ ၂၀၊ ကန့်ကွက်သူ ၂၉ ဦး ရှိသဖြင့် ထောက်ခံမှု ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် အဆိုကို ဆွေးနွေးရန် ရှုံးနိမ့်ခဲ့ရသည်။

Writer: ထွန်းလင်းအောင် (မြစ်ကြီးနား)

Most Read

Most Recent