တိုက်ပွဲရှောင် ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

တိုက်ပွဲရှောင် ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 1 August 2017


သြဂုတ် ၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြန်လည်ရှင်းလင်း ဆွေးနွေးနေသည်ကို သတင်းရယူနေမှုအား တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွင်း စက်မှုဇုန်များရှိ လူအင်အားအရင်းပြုသည့် ကုန်ထုတ်လုပ်ငန်းများ၌ ကလေးသူငယ်များအပါအဝင် အလုပ်သမားထု၏ အခွင့်အရေးများ မဆုံးရှုံးရန်နှင့် လုပ်ငန်းခွင်လုံခြုံမှုရှိရန်အတွက် သွားရောက်လေ့လာသုံးသပ်ပြီး လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ရှင်းလင်းတင်ပြရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အထည်ချုပ်လုပ်ငန်းများမှာ ကလေးအလုပ်သမားတွေ ကျောင်းကထွက်ပြီး အလုပ်လုပ်ကိုင်ကြရတာကတော့ ဆင်းရဲနွမ်းပါးမှုနဲ့ ဆိုင်ပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ကော်မရှင်တစ်ခုတည်း ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဟာဗျူဟာတစ်ရပ်ရေးဆွဲပြီး ဆောင်ရွက်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ကလေးသူငယ်များဟာ လုပ်ငန်းခွင်လုံခြုံမှု နည်းပါးနေတယ်ဆိုတာနဲ့ ပတ်သက်လို့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေရှိပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ၂၀၁၇ ခုနှစ်အတွင်း စက်မှုဇုန်တွေမှာ အထူးသဖြင့် လူအင်အားအရင်းပြု ကုန်ထုတ်လုပ်ငန်းတွေကို သွားရောက်လေ့လာသုံးသပ်ပြီး ကလေးသူငယ်တွေအပါအဝင် အလုပ်သမားထုရဲ့ အခွင့်အရေးတွေ မဆုံးရှုံးဖို့၊ လုပ်ငန်းခွင်လုံခြုံမှုရှိစေဖို့ အကြံပြုတင်ပြရန် အစီအစဉ်ရှိကြောင်းကို တင်ပြအပ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးတွေကို အနည်းဆုံး ခရိုင်မြို့တစ်မြို့၌ တစ်ခုစီဖွင့်လှစ်သင့်ကြောင်း၊ ထို့ပြင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ကော်မရှင်အနေဖြင့် လေ့လာသင့်ကြောင်း တွံတေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကလည်း ဆွေးနွေးအကြံပြုထားသည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက နမ္မတူရှိ တိုက်ပွဲရှောင်ဒုက္ခသည်စခန်းများကို သွားရောက်စစ်ဆေးရန် အစီအစဉ်ရှိခဲ့သော်လည်း လုံခြုံရေးအခြေအနေ မကောင်းသည့်အတွက် ခွင့်ပြုချက်မရခဲ့ကြောင်း၊ လက်ရှိတွင် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာသည့်အတွက် ကော်မရှင်အနေဖြင့် တိုက်ပွဲရှောင်ဒုက္ခသည်စခန်းများကို သွားရောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဆက်လက်ပြောကြားသည်။

ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကြိုတင်ပညာပေးမှုများ၊ ကျူးလွန်ခံရသည့် ကလေးနှင့်မိသားစုဝင်များ၏ လုံခြုံရေးနှင့် တရားဥပဒေ လက်လှမ်းမီစေရေးတို့အတွက် သွားရောက်စုံစမ်းစစ်ဆေးပြီး ကလေးသူငယ်များအတွက် အကောင်းဆုံးလုပ်ဆောင်ပေးရန် အထူးအရေးပါကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဆွေးနွေးအကြံပြုထားသည်။

“လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်မှုနဲ့ပတ်သက်တဲ့ ကလေးသူငယ်များရဲ့ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ကနဦးလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ အတည်ပြု ပါဝင်လက်မှတ်ရေးထိုးရန်အတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေပါတယ်” ဟု ဦးဝင်းမြက ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးတိုင် တန်းချက်ပေါင်း ၃၇၃၇ မှုရရှိခဲ့ပြီး မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်သည့် တိုင်တန်းမှုသည် အများဆုံးဖြစ်ပြီး ၄၉ ဒသမ ၃၄ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

“တိုင်တန်းချက်တွေ နည်းပါးလာရတာနဲ့ ပတ်သက်လို့ ယခင်က တိုင်ကြားစာအားလုံးကို လက်ခံစာရင်းသွင်းပြီး မှတ်ပုံတင်ပြီးမှ စိစစ်ခဲ့တဲ့အတွက် အရေအတွက်များနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်ကစ၍ တိုင်တန်းချက် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစနစ်ကို ပုံစံပြောင်းလဲကျင့်သုံး၍ တိုင်တန်းချက်လို့ သတ်မှတ်ခြင်းမပြုမီ ဝင်စာများကိုစိစစ်ပြီး လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့စာများကိုသာ မှတ်ပုံတင်ဆောင်ရွက်ခဲ့တဲ့အတွက် အရေအတွက်များအားဖြင့်ဆိုပါက လျော့နည်းလာသလို မြင်ရသော်လည်း အမှန်တကယ် တိုင်ကြားသူများအတွက် နစ်နာခြင်းမရှိအောင် ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်” ဟု ဦးဝင်းမြက ရှင်းလင်းပြောကြားသည်။

Writer - စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Most Read

Most Recent