မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သော ဒေသများသို့ သွားရောက်လေ့လာပြီး အကြံပြု အစီရင်ခံစာ တင်ပြမည်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သော ဒေသများသို့ သွားရောက်လေ့လာပြီး အကြံပြု အစီရင်ခံစာ တင်ပြမည်
Published 30 September 2017

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သော မောင်တောမြို့နယ်နှင့် ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များသို့ လူ့အခွင့်အရေး ထိခိုက်မှုများအတွက် စက်တင်ဘာ ၂၅ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ သွားရောက်လေ့လာပြီး ရခိုင်ပြည်နယ် အတွင်းမှ အသိုင်းအဝိုင်း အားလုံး၏ အသံများကို နားထောင်ကာ အကြံပြု အစီရင်ခံစာများကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ်၊ မော်တောဒေသ ဖြစ်စဉ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးကြရာတွင် ရခိုင်ပြည်နယ် အတွင်းမှ အသိုင်းအဝိုင်း အားလုံး၏ အသံများကို နားထောင်ပြီး အကြံပြု အစီရင်ခံစာများ တင်ပြသွားမည်ဖြစ်ကာ ကော်မရှင် အနေဖြင့် ရခိုင်ပြည်နယ် အကျိုးစီးပွားကို မုချ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ပြောကြားခဲ့သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ (Unyipufacebook) တွင် ရေးသားခဲ့သည်။

“အဲဒီတော့ ကျွန်တော်တို့ ဘက်မလိုက်ဘဲ လုပ်ဆောင်နေတာဖြစ်ပြီး နယ်ပယ်တွေကတော့ ပဋိပက္ခ ဖြေရှင်းရေး၊ လူသားချင်း စာနာကူညီရေး၊ ပြန်လည်သင့်မြတ်ရေး ပြီးတော့ ရခိုင်ပြည်နယ်အတွင်း အဖွဲ့အစည်းများ အားကောင်းစေရေးတို့ကို ကျွန်တော်တို့ စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပြီးတော့ ခိုင်မာတဲ့ အစီရင်စာတစ်ခုဖြစ်အောင်အထိ ဆောင်ရွက်သွားမယ်” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ကာလရှည် တည်တံ့နိုင်မယ့် ဖြေရှင်းချက်ရရှိဖို့ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ဖို့ လိုတယ်” ဟု တိုက်တွန်း အကြံပြုခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က “ကျွန်တော်တို့ စနေ၊ တနင်္ဂနွေမှာ အစီရင်ခံစာ ရေးရမှာပေါ့နော်။ ရေးပြီးတော့ တနင်္လာနေ့ဆိုရင် ကော်မရှင်ကို တင်ပြရမယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တင်ပြပြီး ဆုံးဖြတ်ချက်ရတာနဲ့ သမ္မတရုံးနဲ့ သက်ဆိုင်ရာဌာနတွေကို ကျွန်တော်တို့ ပေးပို့မှာ ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တွေရော၊ ရခိုင်တိုင်းရင်းသားတွေရော၊ လူနည်းစုဖြစ်တဲ့ မြို၊ ခမီ၊ သက်တွေနဲ့ တွေ့ခဲ့သလို တစ်ဖက် ဘင်္ဂါလီ မွတ်ဆလင်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ စုံအောင်တော့ တွေ့ခဲ့ပါတယ်။ တိုင်းရင်းသား လူနည်းစုမှာလည်း သူတို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံး ရပ်ဆိုင်းသွားတာ ရှိတယ်။ ဖြစ်စဉ်ကြီး တစ်ခုလုံးကြောင့် ဒီဒေသမှာရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေရော ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ လူတွေရော လူ့အခွင့်အရေးအရ ဆုံးရှုံး နစ်နာကြမယ့်လူတွေ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးဘုန်းကြွယ်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက်ကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံခဲ့ကြပြီး သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ လက်ရှိအခြေအနေများ၊ မောင်တောဒေသသို့ သွားရောက်လေ့လာ စုံစမ်းရန် ကျေးရွာများ၏ အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ဒေါ်ဝတ်ရည်ဝင်း၊ ဦးရဲနောင်လွင်၊ ဒေါ်သွယ်သွယ်ဇင်မြင့်တို့ ပါဝင်ကြသည်။

ဘူးသီးတောင်မြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဒုအိုးသည်မကျေးရွာအုပ်စု၊ ဘိုလီရွာနှင့် ငွေတောင်ကျေးရွာမှ ဘင်္ဂါလီတို့သည် တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် ဘူးသီးတောင်မြို့နယ် တောင်ကျော်လမ်းအတိုင်း ထွက်ခွာလာခဲ့ပြီး အလယ်သံကျော်ကျေးရွာအုပ်စု လေယာဉ်ပျံကွင်းကျေးရွာအနီး ဗျူဟာကုန်း ကမ်းခြေ၌ ရောက်ရှိနေသည်ကို စက်တင်ဘာ ၂၈ ရက် နံနက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်အဖွဲ့နှင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်အဖွဲ့တို့ ရောက်ရှိလာပြီး အဆိုပါ ဘင်္ဂါလီများအား တစ်ဖက်နိုင်ငံသို့ သွားရောက်ခြင်း မပြုရန်နှင့် ဤနိုင်ငံတွင် ငြိမ်းချမ်းစွာ နေထိုင်ကြရန်နှင့် မိမိတို့မှ နေထိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent