ဘင်္ဂါလီအရေးဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နိုဝင်ဘာတွင် တွေ့ဆုံဖွယ်ရှိ

ဘင်္ဂါလီအရေးဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နိုဝင်ဘာတွင် တွေ့ဆုံဖွယ်ရှိ
Published 27 September 2017

ဘင်္ဂါလီအရေး (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နိုဝင်ဘာတွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်အဗ္ဗဒူဟူစိန်က ပြောကြားခဲ့ကြောင်း www.dhakatribune.com ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၂၆ ရက်က ဖော်ပြထားချက်အရ သိရသည်။

ဘင်္ဂါလီအရေးကို ဆွေးနွေးရန်နှင့် အဖြေရှာရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံက အဆိုပြုလာကြောင်း ၎င်းက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နိုဝင်ဘာတွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်းနှင့် ဆွေးနွေးမှုအောင်မြင်ပါက ဘင်္ဂါလီအရေးကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဘင်္ဂါလီများအတွက် လုံခြုံရေးကို တိုးမြှင့်ထားကြောင်းနှင့် ဒုက္ခသည်စခန်းများမှ ထွက်ခွာပြီး နိုင်ငံ၏ အခြားနေရာများသို့ မသွားရောက်ရန် တားဆီးနေကြောင်းလည်း ၎င်းကပြောကြားသည်။

ဘင်္ဂါလီဒုက္ခသည်အားလုံးကို တစ်နေရာတည်းသို့ မကြာမီရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ဘင်္ဂါလီဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်းဖြင့် ဝင်ရောက်မှု ရပ်ဆိုင်းသွားကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၃ ရက်က ပြောကြားသည်။

ဘင်္ဂါလီမွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကော့ဘဇာမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် ဘင်္ဂါလီဒုက္ခသည် ၄၂၂၀၀၀ ကို ကူညီရန် ဘင်္ဂလားဒေ့ရှ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ရုန်းကန်နေရကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက် စသည့် ဌာနေတိုင်းရင်းသားများလည်း ပါဝင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက်ပါ ရည်ရွယ်၍ UN-Habitat - United Nations Human Settlements Programme ထံမှအကြံဉာဏ်များ ရယူနိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုအခြေခံ၍ စိစစ်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြန်လည်စိစစ်လက်ခံရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်ရန်၊ ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာချထားရာတွင် မူလကထက် ပိုမိုအဆင်ပြေနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ခြုံငုံပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်ရန်၊ မောင်တောဒေသအတွင်း လမ်းကွန်ရက်များစနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ရေမြောင်းစနစ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများ စသည်တို့ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲဆောင်ရွက်ရန်၊ ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံးသိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် အသက်မသေဘဲ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်နေသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ခြောက်ဦးနှင့် ကလေးငယ်သုံးဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံတောင်းခံသွားရန်၊ အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းရန်၊ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်တို့ကို ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် နယ်ခြားဒေသလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွှေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးအား ထပ်မံဖိတ်ကြားရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ် ရဲချုပ်အတူ လိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားခဲ့သဖြင့် ထပ်မံဖိတ်ကြားရန်နှင့် လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ သံတမန်များအား မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ဆက်လက်ဆောင်ရွက်ရန်ကိုလည်း သဘောတူဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent