ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့တွင် ခြောက်လုံးပြူး သေနတ်တစ်လက်၊ TNT ပြင်းအားမြင့် ယမ်းထုပ်နှင့် စိတ်ကြွမူးယစ်ဆေးဝါးအပြား သုံးသောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင်း၌ လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၁၄ ရက် နံနက်က မူးယစ်ဆေးဝါး သတင်းအရ အမှတ် (၃၂) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးမင်းထွဋ်သည် မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ အမှတ် ၄ ရပ်ကွက် ချစ်ကြည်ရေးလမ်းနေ ရဲထွန်း၏ နေအိမ်သစ်သီးဆိုင်ကို ဝင်ရောက်ရှာဖွေရာ အိပ်ရာဘေးရှိ ခဲရောင်ဘေးလွယ်အိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၇ ပြား၊ ကွပ်ပျစ်အောက်မှ အပြား ၂၀၀ ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်။
သိမ်းဆည်းရရှိသော မူယစ်ဆေးဝါးများနှင့် ပတ်သက်၍ ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ဝါးတော (၁၁) ဂိတ်အနီး နေထိုင်သူ မအမိန်းထံမှ စိတ်ကြွရူးသွပ်ဆေးဝါးအပြား၂၀၀ ပါ ငါးထုပ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆို၍ မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသူ မအမိန်းအား သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် မအမိန်းအား စစ်ဆေး ပေါ်ပေါက်ချက်အရ အမှတ် ၄ ရပ်ကွက် ပြည်သာယာလမ်းရှိ မူးယစ်ဆေးဝါးရောင်းချသူ ကိုစိုင်းကျော်၏ နေအိမ်သို့ သွားရောက် ရှာဖွေဖမ်းဆီးရာ ကိုစိုင်းကျော်အား နေအိမ်တွင် မတွေ့ရှိရဘဲ ၎င်းး၏ညီအစ်ကို ဝမ်းကွဲတော်သူ တစ်ဦးနှင့်အတူ သေနတ်တစ်လက်၊ TNT ယမ်းထုပ်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါး အပြားသုံးသောင်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ အမှတ် ၄ ရပ်ကွက်၊ ပြည်သာယာလမ်း နေရာအိမ်မှူးက “မူးယစ်ရဲတပ်ဖွဲ့ကခေါ်တော့ ရောက်သွားခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အမျိုးသမီးတစ်ယောက် ဖမ်းဆီးရထားတယ်။ သူ့ရဲ့ ထွက်ဆိုချက်အရ အမှတ် ၄ ရပ်ကွက် ပြည်သာယာလမ်းနေ ကိုစိုင်းကျော်ရဲ့နေအိမ်ကို သွားရောက် ရှာဖွေကြတော့ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊ သေနတ်တစ်လက် တွေ့ရှိခဲ့ပါတယ်။ ပိုင်ရှင်စိုင်းကျော်ကတော့ ထွက်ပြေးသွားပါတယ်” ဟု ပြောကြားသည်။
မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ ရောင်းချဖြန်ု့ဖြူးသူ၊ လက်နက်ခဲယမ်း ကိုင်ဆောင်သူ အပါအဝင် သုံးဦးအား မြဝတီ မြို့မရဲစခန်းက ဥပဒေနှင့်အညီ စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်။