ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာရှိ မနူဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အရုပ်သွင်းပွဲ အစဉ်အလာမပျက် စည်းကားစွာကျင်းပ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာရှိ မနူဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အရုပ်သွင်းပွဲ အစဉ်အလာမပျက် စည်းကားစွာကျင်းပ
Published 24 September 2018

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာရှိ မနူဟာဘုရားဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ်ထည့်သွင်းကျင်းပ ပြုလုပ်သည့် အရုပ်သွင်းပွဲကို စက်တင်ဘာ ၂၃ ရက် (ယနေ့) မွန်းလွဲပိုင်းက အဆိုပါဘုရားပရဝုဏ်တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်စဉ် တော်သလင်းလဆန်း ၁၄ ရက်နေ့၌ မနူဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ထည့်သွင်းကျင်းပပြုလုပ်မြဲဖြစ်သည့် အရုပ်သွင်းပွဲကို မြင်းကပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းတို့မှ ရိုးရာယဉ်ကျေးမှုအရုပ်များ၊ ဒေသခံများ၏ အစီအစဉ်ဖြင့်ပြုလုပ်သည့် နတ်ကိုးကွယ်မှုနှင့် သက်ဆိုင်သည့်အရုပ်များ၊ ခေတ်နှင့် သက်ဆိုင်သည့် အရုပ်များ အစရှိသည့်အရုပ်များဖြင့် အရုပ်ပေါင်း ၃၀ ကျော်ခန့်ဖြင့် ထည့်သွင်း ကျင်းပခဲ့ကြသည်။ ယခင်နှစ်က မနူဟာဘုရားပွဲတော်တွင်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့သည့် အရုပ်သွင်းပွဲတွင် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်ခြင်းမရှိသည့်အရုပ်များကို ထည့်သွင်းကပြဖျော်ဖြေခွင့်ကို ကန့်သတ်ထားခဲ့သော်လည်း ယခုနှစ်တွင်မူ အနည်းငယ်ဖြေလျော့ပေးထားကြောင်း သိရသည်။

“ဒီနှစ် မနူဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာပြုလုပ်မယ့် အရုပ်သွင်းပွဲမှာ မြင်းကပါကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းတို့ကပြုလုပ်တဲ့ ရိုးရာယဉ်ကျေးမှုအရုပ်တွေ ဒေသခံတွေကိုယ်တိုင်ပြုလုပ်ကြတဲ့အရုပ်တွေပါဝင်ပါတယ်။ ဒီနှစ်အရုပ်သွင်းပွဲမှာတော့ အနည်းငယ်ဖြေလျော့ပေးထားပါတယ်။ ရိုးရာအရုပ်တွေလည်း ပါမယ်။ တခြား အရုပ်တွေဖြစ်တဲ့ နတ်နဲ့သက်ဆိုင်တဲ့ အရုပ်တွေပေါ့ အဲဒီဟာတွေလည်း ပါဝင်မယ်။ ရိုးရာယဉ်ကျေးမှုနဲ့ဆန့်ကျင် တဲ့ သရုပ်ပျက်အရုပ်တွေနဲ့ ကပြဖျော်ဖြေမှုတွေကိုတော့ ခွင့်ပြုပေးမထားပါဘူး။ ဒီနှစ်ကတော့ စုစုပေါင်းအရုပ်တွေ ၃၀ ဝန်းကျင်တော့ရှိမှာပါ။ မနူဟာဘုရားပွဲတော်နဲ့အတူ အရုပ်သွင်းပွဲကျင်းပတာက တော်သလင်းလပြည့်နေ့မှာတော့ မနူဟာဘုရားကို ငွေသွန်းတာတွေလုပ်ကြမယ်။ ရပ်ကွက်အတွင်းက ဒေသခံအမျိုးသမီးတွေက ဘုရားရွှေသင်္ကန်း ကပ်လှူပူဇော်ဖို့အတွက် အတီးအမှုတ်တွေနဲ့ စီတန်းလှည့်လည်ပြီး တော့ ဘုရားကိုပူဇော်ကြမှာဖြစ်ပါတယ်”ဟု မနူဟာဘုရားကြီး၏ သြဝါဒစရိယ ဆရာတော်များအနက်တစ်ပါး အဝင်ဖြစ်သည့် ဆရာတော်ဦးမာလာသီရိက မိန့်ကြားသည်။

ယခုနှစ် မနူဟာဘုရားဗုဒ္ဓပူဇနိယပွဲတော် အရုပ်သွင်းပွဲတွင် ဘုရားဟောဇတ်တော်နှင့်သက်ဆိုင်သည့် အရုပ်များ၊ ပုဂံရာဇဝင်နှင့်သက်ဆိုင်သည့်အရုပ်များ၊ နတ်ကိုးကွယ်မှုဆိုင်ရာအရုပ်များ၊ ခေတ်ပေါ်သရုပ်ပြအရုပ်များ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုံစံတူအရုပ်အပါအဝင် စုစုပေါင်းအရုပ်ပေါင်း ၃၀ ကျော်ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။ မနူဟာဘုရားပွဲ အရုပ်သွင်းပွဲတွင် ထည့်သွင်းကပြသည့်အရုပ်များကို မြင်းကပါ ကျေးရွာရှိ ရပ်ကွက်ခြောက်ရပ်ကွက်မှ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းတို့မှ အဖွဲ့အစည်းကိုယ်စီ၊ ဒေသခံယွန်းပညာရှင်များနှင့်ဒေသခံများစုပေါင်း၍ ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

မနူဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အရုပ်သွင်းပွဲတွင်ထည့်သွင်းကပြဖျော်ဖြေသည့် အရုပ်များကို ဒေသခံများကိုယ်တိုင် နှီးဝါးများဖြင့် ပြုလုပ်ထားသည့် အရုပ်မျိုးစုံအတွင်းသို့ လူများဝင်ရောက်၍ ကပြဖျော်ဖြေကြခြင်းဖြစ်သည်။ ထို့ပြင် ဘုရားပွဲတော်အတွက် အရုပ်များပြုလုပ်ကြရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တုပခိုးယူ၍မရနိုင်ရန် လိျှဝှက်ပြုလုပ်ကြပြီး ပွဲတော်ရက်မှသာ အရုပ်များကို အပြိုင်အဆိုင် ပွဲထုတ်ကပြကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent