ကနေဒါ ဥပဒေပြုအမတ်များက မြန်မာနိုင်ငံ၏ ဘင်္ဂါလီမွတ်စလင်များအပေါ် နှိမ်နင်းမှုအား လူမျိုးတုံးသတ်ဖြတ်မှုဟု တညီတညွတ်တည်း ကြေညာ

ကနေဒါ ဥပဒေပြုအမတ်များက မြန်မာနိုင်ငံ၏ ဘင်္ဂါလီမွတ်စလင်များအပေါ် နှိမ်နင်းမှုအား လူမျိုးတုံးသတ်ဖြတ်မှုဟု တညီတညွတ်တည်း ကြေညာ
Published 22 September 2018

ကနေဒါနိုင်ငံမှ ပါတီအားလုံး၏ ဥပဒေပြုအမတ်များက ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ ဟုဖော်ပြ) မွတ်စလင်တို့အပေါ် မြန်မာတပ်မတော်၏ လုပ်ရပ်များအား လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်ဟု ဝေဖန်ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်အတွင်း ဝန်ဖြစ်သော လစ်ဘရယ်လွှတ်တော်အမတ် အင်ဒရူးလက်စလီက အောက်လွှတ်တော်တွင် စက်တင်ဘာ ၂၁ ရက်၌ အဆိုပါဆုံးဖြတ်ချက်ကို တင်သွင်းရန် တာဝန်ယူခဲ့သည်။ ယင်းမှာ ဘင်္ဂါလီမွတ်စလင်များနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် လူသားဆန်မှုကို ချိုးဖောက်သည့် ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၏ တွေ့ရှိချက်များကို တရားဝင် အတည်ပြုရန် ဆုံးဖြတ်ချက် ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်က ကြောက်မက်ဖွယ် လုပ်ရပ်များကို ကြိုးကိုင်ခဲ့သည့် မြန်မာတပ်မတော်၏ ဦးစီးမှု ချိတ်ဆက်တစ်ခုလုံးကို အမြင့်ဆုံးအဆင့် ပိတ်ဆို့မှုများပြုလုပ်ရန်လည်း တောင်းဆိုလိုက်သည်။

ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်တွင် အကြီးတန်းတပ်မတော်အရာရှိများအား လူမျိုးတုံးသတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုမှုပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အနေအထားကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)  သို့ လွှဲပြောင်းပေးရန်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုထားသည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းက ဝါရှင်တန်မြို့၌ မိန့်ခွန်းပြောကြားရာတွင် ယခုဆုံးဖြတ်ချက်ကို အောက်လွှတ်တော်၌ ပါတီအားလုံးက ထောက်ခံမဲပေးကြစေရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပုံကို ပြောပြခဲ့သည်။

“ဒါဟာ ကနေဒါနိုင်ငံ၊ ကနေဒါပါလီမန်အတွက် အလွန်အရေးကြီးတဲ့ ထုတ်ပြန်ချက်ပါ။ ဒီရက်စက်ကြမ်းကြုတ်မှုနဲ့ပတ်သက်တဲ့ လုံးဝကြေကွဲဝမ်းနည်းဖွယ် အကြောင်းအရာမှာ သူတို့ရဲ့ ကြိုးစားမှုအတွက် ပါလီမန်အဖွဲ့ ဝင်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ စတင်လိုပါတယ်” ဟု ဖရီးလန်းက ဆိုသည်။

ရိုဟင်ဂျာ လူ့အခွင့်အရေးဆိုင်ရာကွန်ရက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာရိခန်းက ယခုဆုံးဖြတ်ချက်အား အံ့သြဝမ်းမြောက်ဖွယ် သတင်းဟု ပြောကြားခဲ့သော်လည်း ကနေဒါ အစိုးရအနေဖြင့် ယခုဆုံးဖြတ်ချက်ကို အဓိပ္ပာယ်ရှိအောင် ခြေလှမ်းများ လှမ်းရမည်ဟု ဆိုသည်။

သူက လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တစ်ဦးချင်းကို တရားစွဲဆိုနိုင်ရန် ခွင့်ပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေး သဘောတရားများကို အသုံးပြုလျက် ကနေဒါနိုင်ငံ ဥပဒေနှင့် နိုင်ငံတကာဥပဒေများအောက်၌ မြန်မာအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များအား တရားစွဲဆိုရေး လုပ်ငန်းစဉ်တစ်ရပ်ကို စတင်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ခန်းက ယခုဆုံးဖြတ်ချက်ကျပြီးနောက် ကနေဒါအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ထားမှုကို ရုပ်သိမ်းခြင်းအား ရှောင်ရှားရန် ဆင်ခြေတစ်ရပ်ဆက်ရှိ နေတော့မည်မဟုတ်ဟုလည်း ဆိုသည်။

“ဒါဟာ လုံးဝကို မအပ်စပ်တဲ့အရာပါ။ ဒီလိုဂုဏ်ပြုမှု အမျိုးအစားဟာ မာလာလာ ယူဆွတ်ဇိုင်၊ ဒလိုင်းလားမားနဲ့ အဂ္ဂါခန်းတို့လို လူတွေနဲ့အတူ တစ်စုံတစ်ယောက်အနေနဲ့ ရထားတာမျိုး မဖြစ်သင့်ပါဘူး။ လူမျိုးတုံး သတ်ဖြတ်မှုမှာ ကြံရာပါဖြစ်နေသူမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

“ဒါဟာ နိုင်ငံရဲ့ အဓိကဂုဏ်ပြုမှုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူတစ်ဦးကို ပေးထားသလိုပါပဲ။ အစိုးရအနေနဲ့ ဒီဂုဏ်ပြုမှုကို ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်သူတွေနဲ့ ကြံရာပါတွေကို တရားစွဲဆိုပြီး တာဝန်ခံမှုရှိစေရေး သေချာစေဖို့ နိုင်ငံတကာ ဥပဒေမျက်နှာစာမှာ ရှေ့ဆက်လုပ်ဆောင်ဖို့နဲ့ တခြားနိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref ;CBC

Most Read

Most Recent