ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းရှိ မုဆိုးတောင်စေတီတော် မိုးကြိုးခမှုဖြစ်ပွား

ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းရှိ မုဆိုးတောင်စေတီတော် မိုးကြိုးခမှုဖြစ်ပွား
Published 17 September 2018

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အသစ် ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်မည့် စက်တင်ဘာ ၁၆ ရက်မတိုင်ခင် စက်တင်ဘာ ၁၅ ရက်၊ ည ၆း၃၀ နာရီခန့်က ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းရှိ မုဆိုးတောင်စေတီတော် မိုးကြိုးခမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထိုမြို့နယ် သာသနာရေးဦးစီးအရာရှိ၏ ပြောကြားချက်အရ သိရသည်။

“မနေ့ (စက်တင်ဘာ ၁၅ ရက်) ညနေ ၅း၃၀ လောက်မှာ တောင်ပေါ်မှာမိုးရွာတယ်။ မိုးသည်းထန်စွာရွာနေတဲ့အချိန်မှာပဲ ကျွန်တော်က တိဿအဆောင်မှာရှိနေပါတယ်။ အဲဒီအချိန်မှာ လျှပ်စီးလက်ပြီးတော့ မိုးကြိုးပစ်သံ နှစ်ကြိမ်ကြားရပါတယ်။ အဲဒီအချိန်မှာ ဘယ်နေရာကို ပစ်တယ်ဆိုတာတော့မသိဘူး။ ကျွန်တော်နဲ့အတူရှိနေတဲ့ ရိုးရိုးလေးဟိုတယ်က ကိုဇော်မိုးတို့ပြောတဲ့ပုံအရ မိုးကြိုးပစ်တဲ့အချိန်မှာ သူက ဟိုတယ်ထဲမှာရှိနေတယ်။ မိုးနည်းနည်းစဲသွားတဲ့အချိန်မှာ တိဿအဆောင်ကို ရောက်လာတော့ မိုးကြိုးပစ်တာက မုဆိုးတောင်ဘက်ထင်ရတယ်လို့ လာပြောပါတယ်။ ည ၁၁ နာရီလောက်မှာ ကျိုက်ထီးရိုးတောင် ရင်ပြင်တော်ကျောင်းတိုက်က သြဝါဒါ စရိယဆရာတော်က မုဆိုးတောင်စေတီတော် မိုးကြိုးခသွားတယ်လို့ မိန့်ကြားတော့ ချက်ချင်းပဲ ကျွန်တော်ရယ်၊ ရင်ပြင်တော်မှာ ဂေါပကတာဝန်ယူနေတဲ့ ဦးတင်ဝင်းရယ်၊ နောက် လုံခြုံရေး နဲ့စည်းကမ်းထိန်းသိမ်းရေးက ဝန်ထမ်းတွေနဲ့ သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ရတဲ့အနေအထားကတော့ မုဆိုးတောင် စေတီတော်ရဲ့တောင်ဘက်အရပ်မှာ ဗုဒ္ဓဟူးနံ၊ ဂြိုဟ်ပြေနံပြေ မုခ်ဦးလေးရှိတယ်။ အဲဒီမုခ်ဦးလေးရဲ့နောက် စေတီတော်ရဲ့ ပန်းတင်ခုံအထက် ဖောင်းရစ်နေရာမှာ အပေါ်အောက်က နှစ်ပေခန့်၊ အရှည်က သုံးပေခန့်လောက် အုတ်တွေ ကွာကျနေတာတွေ့ရပါတယ်။ ဒါပေမဲ့ အထဲကိုတော့မနက်ဘူး။ အပေါ်ယံလောက်ပဲ ကွာကျနေတာပါ။ နောက်ပြီး အဲဒီအုတ်တွေ ကွာကျနေတဲ့ရဲ့အထက်မှာ အက်ကြောင်း တစ်ခုတွေ့ရပါတယ်။ အဲဒီအက်ကြောင်းရဲ့ အထက်မှာက ရှပ်ပြီးတော့ ထိထားတဲ့ နေရာတစ်ခုတွေ့ရပါတယ်။ အဲဒါကို ညတွင်းချင်း ကြည့်ခဲ့ရပါတယ်။ နောက်မုဆိုးတောင်စေတီ တော်ရဲ့ရင်ပြင်ပေါ်မှာ ပဲ့ကျနေတဲ့ အုတ်စတွေကို လိုက်ကြည့်တဲ့အခါမှာ စနေထောင့်မှာမှန် ကွဲလေးတွေတွေ့ပါတယ်။ အဲဒီမှန်ကွဲတွေက မုဆိုးတောင်စေတီကို မိုးကြိုးထိမှန်ပြီး ထွက်လာတဲ့အုတ်အစတွေက စေတီတော်ကိုထိုးထားတဲ့ စလိုက်မီးစလောင်းရဲ့ မှန်ကိုလာထိ မှန်ပြီးတော့ ကွဲကျတာလို့စစ်ဆေးတွေ့ရှိပါတယ်” ဟု  ကျိုက်ထိုမြို့နယ်သာသနာရေးဦးစီးအရာရှိ ဦးဝေနိုင်က ပြောကြားသည်။

လက်ရှိတွင် စေတီတော် ပြန်လည်ပြုပြင်ထိန်းသိမ်းရန်ကိစ္စနှင့်ပတ်သက်၍ တင်ပြထားပြီး လမ်းညွှန်မှုအတိုင်း ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း ဦးဝေနိုင်က ဆက်လက် ပြောကြားသည်။

Most Read

Most Recent