အမြန်လမ်းမကြီးပေါ်တွင် သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၃၈ ကြိမ်ဖြစ်ပွားပြီး ခြောက်ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရ

အမြန်လမ်းမကြီးပေါ်တွင် သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၃၈ ကြိမ်ဖြစ်ပွားပြီး ခြောက်ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရ
Published 9 September 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သြဂုတ်လအတွင်းက ယာဉ်မတော်တဆမှုပေါင်း ၃၈ ကြိမ် ဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူခြောက်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၄ ဦး ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သြဂုတ်လအတွင်း ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ၃၈ ကြိမ်တွင် သေဆုံးသူ ကျား လေးဦး၊ မ နှစ်ဦး စုစုပေါင်းသေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား၂၈ ဦး၊ မ ၁၆ ဦး စုစုပေါင်း ၄၄ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ ရှစ်လတာ ကာလအတွင်း ယာဉ်မတော်ဆမှုပေါင်း ၂၉၇ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ၆၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၇၁ ဦးရှိခဲ့ရာ တစ်လပျမ်းမျှ ယာဉ်မတော်တဆမှုပေါင်း ၃၇ ကြိမ်၊ တစ်လပျမ်းမျှ သေဆုံးသူ ခုနစ်ဦးနှင့် တစ်လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိသူ ၇၁ ဦးရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မှတ်တမ်းများအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ယာဉ်တော်တဆမှုပေါင်း ၄၁ ကြိမ်တွင် သေဆုံးသူ ကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၃ ဦး၊ ဖေ ဖော်ဝါရီတွင် ယာဉ်မတော်တဆ မှုပေါင်း ၃၆ ကြိမ်၊ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၆ ဦး၊ မတ်တွင် ယာဉ်မတော်တဆမှုပေါင်း ၃၃ ကြိမ်၊ သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာ ၆၂ ဦး၊ ဧပြီတွင် ယာဉ်မတော်တဆမှုပေါင်း ၄၄ ကြိမ်၊ သေဆုံးသူ ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိ သူ ၁၃၇ ဦး၊ မေတွင် ယာဉ်မတော် တဆမှုပေါင်း ၃၇ ကြိမ်တွင် သေဆုံး သူ ရှစ်ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦး၊ ဇွန်တွင် ယာဉ်မတော်တဆ မှုပေါင်း ၄၀ ကြိမ်တွင် သေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦး၊ ဇူလိုင်တွင် ယာဉ်မတော် တဆမှုပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ လေးဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၇ ဦးနှင့် သြဂုတ်တွင် ယာဉ် မတော်တဆမှုပေါင်း ၃၈ ကြိမ် ဖြစ် ပွားခဲ့ရာ သေဆုံးသူ ခြောက်ဦး ရှိခဲ့ ကြောင်း မှတ်တမ်းအချက်အလက် များအရ သိရသည်။

အမြန်လမ်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့နည်းစေရန် အမြန်လမ်း တာဝန်ရှိသူများ ပူးပေါင်း၍ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းသောယာဉ်များ၊ ခါးပတ်မပတ်ယာဉ်များအား စစ်ဆေးဖမ်းဆီးလျက်ရှိပြီး ယာဉ်များကို တရားရုံးများတွင် ဒဏ်ရိုက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင် အရှိန်လွန်မောင်း နှင်ခြင်း၊ မော်တော်ယာဉ် ဘီးပေါက်ခြင်းနှင့် ယာဉ်မောင်း အိပ်ငိုက်ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ အဖြစ်များလေ့ရှိကြောင်း သိရသည်။

 

Most Read

Most Recent