ကဘူးမြို့ရှိ ထောက်လှမ်းရေး လေ့ကျင့်ရေးစင်တာအား သေနတ်သမားများက တိုက်ခိုက်

ကဘူးမြို့ရှိ ထောက်လှမ်းရေး လေ့ကျင့်ရေးစင်တာအား သေနတ်သမားများက တိုက်ခိုက်
Published 17 August 2018

သြဂုတ် ၁၅ ရက်တွင် ဂါဇနီမြို့၌ တာလီဘန်တို့၏ တိုက်ခိုက်မှုအပြီး မီးလောင်ထားသော ဆိုင်များအပြင်ဘက်၌ အာဖဂန်အမျိုးသားများကို တွေ့ရစဉ် (Photo: AP)

သြဂုတ် ၁၆ ရက်တွင် ကဘူးမြို့ရှိ ထောက်လှမ်းရေး လေ့ကျင့်ရေးစင်တာအား သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စစ်ပွဲကြောင့် ဖရိုဖရဲဖြစ်နေသော အာဖဂန်မြို့တော်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျောင်းသားဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နောက်တစ်နေ့မှာပင် ယင်းပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဖဂန်တပ်ဖွဲ့များအား တိုက်ခိုက်ရန်အတွက် စစ်သွေးကြွများ လုပ်ဆောင်သော အကြမ်းဖက်လုပ်ရပ်များသည် အာဖဂန်တစ်ဝန်း သွေးစွန်းစေခဲ့ပြီး သြဂုတ် ၁၆ ဖြစ်ရပ်မှာ ယခုသီတင်းပတ်အတွင်း နောက်ဆုံးတိုက်ခိုက်မှု ဖြစ်သည်။

“အပြန်အလှန် ပစ်ခတ်နေဆဲပါ။ ပစ်ခတ်တိုက်ခိုက်တဲ့နေရာကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝန်းရံ ပိတ်ဆို့ထားပါတယ်” ဟု ကဘူးရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဟာရှ်မတ်စတာနီဇိုင်က ဆိုသည်။ ပစ်ခတ် တိုက်ခိုက်မှုသည် အာဖဂန် အမျိုးသားလုံခြုံရေးဦးစီးဌာနက ကြီးကြပ်ကွပ်ကဲသော လေ့ကျင့်ရေး အဆောက်အအုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားများသည် လူနေအိမ်များအနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ပုန်းခိုကာ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့သော အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ လူမရှိသော လမ်းများတစ်လျှောက်တွင် သေနတ်သံများ ပဲ့တင်ထပ်နေခြင်းနှင့်အတူ တပ်ဖွဲ့ဝင်များ ဝန်းရံပိတ်ဆို့ထားသောနေရာကို Tolonews ရုပ်သံ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ မြင်တွေ့ခဲ့ရသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်းကို မည်သည့်အဖွဲ့ကမျှ ချက်ချင်း ထုတ်ပြန်ပြောကြားခြင်း မရှိသေးချေ။ ကဘူးမြို့ အနောက်ဘက်ရှိ ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် လေ့လာ သင်ကြားကြသည့် ပညာရေးစင်တာ အဆောက်အအုံအတွင်းပိုင်း၌ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၃၇ ဦးထက် မနည်းသေဆုံးခဲ့ပြီး နာရီအနည်းငယ်အကြာတွင်ပင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

ဂါဇနီမြို့တွင် တာလီဘန်နှင့် အစိုးရတပ်ဖွဲ့များ ရက်ပေါင်းများစွာကြာ အပြင်းအထန် တိုက်ခိုက်နေကြခြင်း အပါအဝင် တဖြည်းဖြည်း မြင့်တက်လာသော အကြမ်းဖက်လုပ်ရပ်များကြောင့် အာဖဂန်သည် ယိုင်နဲ့နဲ့ဖြစ်နေပြီး စာသင်ကျောင်းဗုံးခွဲတိုက်ခိုက်ခြင်းသည်ပင် အစိုးရနှင့် စစ်သွေးကြွအဖွဲ့၏ ပဋိပက္ခအတွင်း အာဖဂန်အပြစ်မဲ့ပြည်သူတို့ မြေစာပင်ဖြစ်နေရသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

တာလီဘန်တို့သည် ကဘူးတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြီးများကို ၎င်းတို့လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိချေ။ သို့သော် IS တို့သည် နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့နှင့် ကဘူးတွင် မကြာသေးမီလများက တိုက်ခိုက်မှုတစ်သီတတန်း လုပ်ဆောင်ခဲ့ပြီး အစိုးရဝန်ကြီးဌာန အဆောက်အအုံများမှသည် သူနာပြုသင်တန်းကျောင်း အဆောက်အအုံများအထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

Ref: AFP

Most Read

Most Recent