ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များ ကုန်သွယ်ခွန်ကောက်ခံရာတွင် ကျသင့်ငွေ၊ ပုလင်းဖွင့်ခ၊ အခန်းခနှင့် ဝန်ဆောင်ခများကိုပါ အခွန်ထည့်သွင်း တွက်ချက်ရမည်ဟု ပြည်တွင်းအခွန်အသိပေး

ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များ ကုန်သွယ်ခွန်ကောက်ခံရာတွင် ကျသင့်ငွေ၊ ပုလင်းဖွင့်ခ၊ အခန်းခနှင့် ဝန်ဆောင်ခများကိုပါ အခွန်ထည့်သွင်း တွက်ချက်ရမည်ဟု ပြည်တွင်းအခွန်အသိပေး
Published 14 August 2018

ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် တာဝန်ရှိသည့် စားသောက်ဆိုင်တစ်ခု၏ မြင်ကွင်းကို တွေ့ရစဉ်

ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကို ကောက်ခံရာတွင် တည်းခိုခရငွေ၊ အစားအသောက် ရောင်းချရငွေများအပြင် ပုလင်းဖွင့်ခ (Bottle Charges)၊ အခန်းခ (Service Charges) နှင့် ဝန်ဆောင်ခ (Service Charges) များကိုပါ အခွန်ထည့်သွင်း တွက်ချက်ရမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ) ၌ ဝန်ဆောင်မှု ဆောင်ရွက်သူက ကုန်သွယ်လုပ်ငန်းခွန် မကျသင့်မီရငွေနှင့်အတူ ဝန်ဆောင်မှုကိုရယူသူထံမှ အခွန်ကိုတစ်ပါတည်း ကောက်ခံပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။ နှစ်စဉ်ပြဋ္ဌာန်းလျက်ရှိသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ကင်းလွတ်ခွင့်ပြုထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများမှအပ ကျန်ကုန်စည်နှင့် ဝန်ဆောင်မှုများအားလုံးမှာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်သည်။

ထိုသို့ အခွန်ကျသင့်ရာတွင် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အနေဖြင့် တည်းခိုခရငွေ၊ စားသောက်ဖွယ် ရောင်းချရငွေများအပြင် ဝန်ဆောင်ခအဖြစ် ရယူထားသော ပုလင်းဖွင့်ခ (Bottle Charges)၊ အခန်းခ (Service Charges) နှင့် ဝန်ဆောင်ခ (Service Charges) တို့ကိုပါ ကုန် သွယ်လုပ်ငန်းခွန် ဥပဒေနှင့်အညီ တွက်ချက် ကောက်ခံရန် လိုအပ်မည်ဖြစ်ပြီး ဖော်ပြပါအတိုင်း တွက်ချက်တောင်းခံသည့် ပြေစာပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန် တန်ဖိုးပမာဏအတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရမည်ဖြစ်ကာ လိုက်နာမှုမရှိပါက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (စ) အရ ဒဏ်တပ်ရိုက်ခြင်းခံရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

အဆိုပါ အသိပေးချက်နှင့် ပတ်သက်ပြီး မရှင်းလင်းသည့်အချက်များကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများနှင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးများသို့ မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent