သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ICC သို့ တင်သွင်းခဲ့သော AMICUS CURIAE (Friend of the Court) စာတမ်း ပယ်ချခံရ

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ICC သို့ တင်သွင်းခဲ့သော AMICUS CURIAE (Friend of the Court) စာတမ်း ပယ်ချခံရ
Published 12 August 2018

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ က နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့ ဇူလိုင် ၂၆ ရက်တွင် တင်သွင်းခဲ့သော ၎င်းတို့အဖွဲ့၏ AMICUS CURIAE (Friend of the Court) ဟူသောစာတမ်းမှာ ပယ်ချခံခဲ့ရကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ AMICUS CURIAE (Friend of the Court) စာတမ်းကို သြဂုတ် ၆ ရက်တွင် ICC ၏ Registry မှ Pre - trial Chamber 1 သို့ ဆက်လက်ပေးပို့ခဲ့ပြီး သြဂုတ် ၁၀ ရက်တွင် Pre - trial Chamber 1 က ပယ်ချခဲ့ကြောင်း အကြောင်းပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ တာဝန်သိအဖွဲ့အစည်းတစ်ခုအနေနဲ့ ဒါကို တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ မူလကတည်းက ဒီလိုပယ်ချနိုင်တယ် ဆိုတာကို ကြိုတင်မှန်းဆထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်သတ်စွပ်စွဲချက်များကို ကျွန် တော်တို့ နိုင်ငံဘက်ကလည်း ခေါင်းငုံ့မခံဘူးဆိုတာ ပြသတဲ့အနေနဲ့ တင်သွင်းခဲ့တာပါ။တစ်ဖက်သတ်စွပ်စွဲချက်တွေအပေါ် ကြားနာပြီးဆုံးဖြတ်မယ်ဆိုရင်တော့  ICC ရဲ့ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာရှိမှုတို့အပေါ် မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်”  ဟု ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၉ ရက်တွင် နိုင်ငံတကာရာဇဝတ်မှုတရားရုံး၏ ရှေ့နေချုပ်က အဆိုပါတရားရုံးအနေဖြင့် ဘင်္ဂါလီလူမျိုးများအား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်မှုအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုပိုင်ခွင့် ရှိ မရှိ ဆုံးဖြတ်ပေးရန် တင်ပြခဲ့ပြီး လိင်ပိုင်းဆိုင်ရာပြစ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုစသည့်စွပ်စွဲမှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ပြီးနောက် ICC အဖွဲ့ ဝင်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသည့်အတွက် ရှေ့နေချုပ်၏ လျှောက်လွှာအား တရားရုံးက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် အာဆာ အကြမ်းဖက်အဖွဲ့အစည်း၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အစိုးရ လုံခြုံရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရပြီး ထိုသို့ ဆောင်ရွက်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးဆိုင်ရာပြစ်မှုများ ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့က နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့ တင်သွင်းသည့် အစီရင်ခံစာတွင် အဆိုပါ စွပ်စွဲမှုများသည် မှန်ကန်ခြင်းမရှိကြောင်း အထောက်အထားများဖြင့် မြေပြင်ကွင်းဆင်း လေ့လာတွေ့ရှိချက်များကို ကိုးကားရေးသားထားခြင်းဖြစ်ပြီး အဆိုပါစာတမ်းကို ဇူလိုင် ၂၆ ရက်တွင် ICC သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ စာတမ်းသည် လွတ်လပ်သောအဖွဲ့ တစ်ဖွဲ့၏ စာတမ်းဖြစ်ပြီး ယင်းစာတမ်းတွင် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဒုက္ခသည်များသည် အာဆာအကြမ်းဖက် အဖွဲ့အစည်း၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာ၏ စွပ်စွဲမှုများသည် အကျုံးမဝင်ကြောင်း စသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထား ကြောင်းလည်း သိရသည်။

ဘင်္ဂါလီမွတ်စလင်များ အစုလိုက်အပြုံလိုက် နိုင်ငံအတွင်းမှ ရွှေ့ပြောင်းစေခဲ့ခြင်းအား စုံစမ်းစစ်ဆေးရန် နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) ၌ တောင်းဆိုခြင်းသည် ထိုက်တန်မှုမရှိဘဲ ပယ်ချသင့်ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ် ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အာဆာဘင်္ဂါလီအကြမ်းဖက်သမားများက နယ်ခြားစောင့် လုံခြုံရေးစခန်းများကို  တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် တပ်မတော်စစ်ဆင်ရေးတစ်ရပ်အတွင်း ရခိုင်ပြည်နယ်ရှိ နေအိမ်များမှနေ၍ ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်သည် အကြမ်းဖက်မောင်းထုတ် ခြင်းခံခဲ့ရသည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စွပ်စွဲထားသည်။

Most Read

Most Recent