အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည်ဟု ဆိုသော ဥပဒေအရာရှိ အမျိုးသမီးအမှု ရုံးချိန်းတွင် တရားလိုပြ သက်သေနှစ်ဦးအား ဆက်လက် စစ်ဆေး

အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည်ဟု ဆိုသော ဥပဒေအရာရှိ အမျိုးသမီးအမှု ရုံးချိန်းတွင် တရားလိုပြ သက်သေနှစ်ဦးအား ဆက်လက် စစ်ဆေး
Published 10 August 2018

လှည်းကူးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးရုံးချိန်းတွင် တရားလိုပြ သက်သေနှစ်ဦးအား ဆက်လက် စစ်ဆေးခဲ့ကြောင်း သြဂုတ် ၉ ရက်တွင် တောင်ပိုင်းခရိုင် တရားရုံးမှ သိရသည်။

အဆိုပါ တရားလိုပြ သက်သေ အမျိုးသမီးနှစ်ဦးမှာ သေဆုံးသူ အိမ်အကူ အမျိုးသမီး၏ ကျေးရွာမှ မစန္ဒာထွေးနှင့် မနီလာဝင်း တို့ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ တရားခွင် အခြေအနေကတော့ အားရတယ်။ ပထမ တစ်ယောက်က မစန္ဒာထွေး၊ ဒုတိယ တစ်ယောက်က မနီလာဝင်း၊ ပထမ တစ်ယောက်ကို တရားခံ ရှေ့နေဘက်က အချက် ၁၇ ချက်ကို မေးတယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့ အဖြေကို မရလိုက်ဘူး။ အန်တီ့အမြင်ကို ပြောတာပါ။ နောက်ပြီးတော့ နီလာဝင်းကို ဆက်မေးတော့ အချက် ၂၂ ချက်ကို မေးတယ်။ အဲဒီမှာလည်း သူတို့လိုချင်တဲ့ အချက်ကို မရလိုက်ဘူး။ အကြမ်းဖျင်းအားဖြင့်တော့ အဲဒီလိုပဲမြင်ပါတယ်” ဟု တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

လာမည့် ရုံးချိန်းအား သြဂုတ် ၁၆ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး အဆိုပါ ရုံးချိန်းတွင်လည်း တရားလိုပြ သက်သေများကို ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနေ မခင်စန္ဒာဦး (ခ) မကရင်မ (၃၈ နှစ်) မှာ ပြီးခဲ့သည့် ခြောက်လခန့်က လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ကိုင်နေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် ၎င်းအလုပ် လုပ်ကိုင်နေသည့် နေအိမ်မှ အိမ်ရှင်အမျိုးသမီးဖြစ်သူ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု (၃၂ နှစ်) က မကရင်မနှင့်အတူ မကရင်မ နေထိုင်သည့် အုတ်ဖိုကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ရာအိမ်မှူးကို ခေါ်ကာ မကရင်မမှာ နေမကောင်းသဖြင့် လာရောက်ပြန်ပို့သည်ဟု ဆိုကာ လူနာအား ကောင်းမွန်စွာ လက်ခံရရှိကြောင်းကို လက်မှတ် ထိုးခိုင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မကရင်မအား ထားခဲ့ပြီးနောက် ဒေါ်သိင်္ဂီစု ပြန်သွားသည့်အချိန်တွင် အိမ်နီးချင်းများက မကရင်မအား မေးမြန်းရာ ဆွဲကြိုးခိုးသည်ဟု စွပ်စွဲပြောဆို၍ ၎င်းကို ဒေါ်သိင်္ဂီစုက ခြေထောက်ဖြင့် ကန်ကာ ကျောက်ပြင်ဖြင့် ထုသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပြီး မကရင်မ၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မကရင်မက ၎င်းကို ဆေးရုံသို့ ပို့ဆောင်ပေးရန် ပြောသဖြင့် အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ကျေးရွာလူကြီးများက ဆေးရုံသို့ ပို့ဆောင်ရန် ပြုလုပ်နေစဉ် မကရင်မမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလောင်းကို ရဲတပ်ဖွဲ့က တွံတေးဆေးရုံသို့ ပို့အပ် စစ်ဆေးစေခဲ့ပြီး ရင်ခွဲ စစ်ဆေးစေခဲ့ရာ မှုခင်းဆရာဝန်၏ ဆေးစာတွင် သေဆုံးသည့် မကရင်မမှာ ဦးခေါင်း ယာချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းညိုမည်းဒဏ်ရာ၊ အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများ တွေ့ရှိသည်ဟု မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်။

နှိပ်စက် ညှဉ်းပန်းခံရသဖြင့် သေဆုံးခဲ့သည်ဟု ဆိုသည့် အိမ်အကူ အမျိုးသမီး၏ သားသမီး လေးဦးမှာ လက်ရှိအချိန်တွင် တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာ၌ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအား ရပ်ရွာနေသူများက ကူညီထားကြောင်း သိရသည်။

Most Read

Most Recent