One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်အထည် ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်

One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်အထည် ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်
Published 9 August 2018

One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်အထည် ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်၍ စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး (ခ) ဦးအတွတ် တင်သွင်းသော အစိုးရဌာနအဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ် ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှု မြင့်တက်စေပြီး ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်သောကြောင့် One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်အထည် ဖော်ဆောင်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို နေပြည်တော်၌ သြဂုတ် ၈ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး လွှတ်တော် အဆုံးအဖြတ်ဖြင့် မှတ်တမ်းတင် စောင့်ကြည့်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

“ဒီအဆိုကိုတင်ကတည်းက ရည်ရွယ်ချက်က ရှိပြီးသားပါ။ ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေရာမှာ ပြည်သူနဲ့အစိုးရ အပြန်အလှန် ယုံကြည်မှုရစေလိုတဲ့ ဆန္ဒနဲ့ ဒီအဆိုကို တင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်သူ့ဝန်ဆောင်မှုရုံးတွေ အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မရှင်းလင်း မပြတ်သားတဲ့အတွက် အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးဆိုတာ သိပါတယ်။ ဒုတိယဝန်ကြီး ပြောသွားတာ ရှိပါတယ်။ ပြည်သူ့ဝန်ဆောင်မှုရုံးတွေအတွက် ဥပဒေပြဋ္ဌာန်းရဦးမယ်ဆိုတော့ ဒီအတွက်လည်း သီးသန့်ဥပဒေတစ်ရပ် လိုအပ်ပါတယ်။ ဌာနပေါင်းစုံပါတဲ့အတွက် ဥပဒေမရှိရင်လည်း လုပ်ငန်းအကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝန်ကြီးဌာနကလည်း ဥပဒေရေးဆွဲဖို့ လိုအပ်နေတာကို သိရှိပြီးဖြစ်တဲ့အတွက်ကြောင့် ဥပဒေရေးဆွဲမပြီးခင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ချောမွေ့စေဖို့အတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို စောင့်ကြည့်ဖို့လိုတဲ့အတွက် အဆိုကို မှတ်တမ်းတင် စောင့်ကြည့်ဖို့ တင်ပြအပ်ပါတယ်” ဟု အဆိုရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး (ခ) ဦးအတွတ်က ပြောကြားသည်။

အဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ဆောင်ရွက်နေသော အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုအား မှတ်တမ်းတင်ရန် သဘောထား မှတ်ချက်ပေးခဲ့သည်။

အဆိုရှင် ဦးတင်ကိုကိုဦး(ခ)ဦးအတွတ် အနေဖြင့် အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် ဆွေးနွေးခဲ့သောကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် သဘောတူခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၌ သြဂုတ် ၂ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်က အစိုးရဌာန အဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ် ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှုမြင့်တက်စေပြီး ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူ ပြုနိုင်သောကြောင့် One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်အထည် ဖော်ဆောင်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) များကို ၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရပြီး ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop ရုံးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများ၌ ဖွင့်လှစ်ထားကာ ရည်ရွယ်ချက် လေးချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop ၏ တာဝန်ခံဖြစ်ကြောင်း၊ အဆိုပါ တာဝန်ခံကို One Stop Shop ရုံးမှ ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် မည်သည့်လုပ်ထုံးလုပ်နည်း၊ မည်သည့်လုပ်ပိုင်ခွင့်များ ပေးထားသည်ဆိုသောအချက်သည် အရေးကြီးသော်လည်း ရှင်းရှင်းလင်းလင်း မသိရကြောင်းနှင့် အစိုးရတစ်ရပ်တွင် မူဝါဒရှိရုံဖြင့် အဆင်ပြေ အောင်မြင်နေခြင်းမဟုတ်ဘဲ အဆိုပါ မူဝါဒကို ဝန်ကြီးဌာနများက မည်သို့လမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို ဆန်းစစ်သုံးသပ်ရန် လိုအပ်ပြီး မှန်မှန်ကန်ကန် ဆန်းစစ်သုံးသပ်နိုင်မှသာ အားနည်းချက် အားသာချက်ကို ဖော်ထုတ်နိုင်ပြီး အမှန်တကယ် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း အဆိုရှင်က အဆိုတင်သွင်းချိန်က ပြောကြားသည်။