Rays of Amour မှတ်တမ်းဇာတ်ကား အမေရိကန်နိုင်ငံတွင်ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ပြသရန်ရွေးချယ်ခံရ

Rays of Amour မှတ်တမ်းဇာတ်ကား အမေရိကန်နိုင်ငံတွင်ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ပြသရန်ရွေးချယ်ခံရ
Published 31 July 2018

Rays of Amour မှတ်တမ်းဇာတ်ကားကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံထားရကြောင်း သိရသည်။ မြန်မာရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ  ၁၅၊ ၁၆ ရက်များတွင် ပြုလုပ်မည်ဖြစ်ကာ ရွေးချယ်ခံရသည့် ဇာတ်ကားတစ်ကားဖြစ်သော Rays of Amour ဇာတ်ကားသည် ဒါရိုက်တာစိန်လျှံထွန်း ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားမှာ နာဂဒေသတွင် အခြေတည်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ ပြုလုပ်မယ့် မြန်မာရုပ်ရှင်ပွဲတော်အတွက် ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ရွေးချယ်ခံထားရပါတယ်။ ဒီဇာတ်ကားက မနှစ်တုန်းက ဝဿန်ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ပြသခံထားရတဲ့ ဇာတ်ကားပါ။ အခု အမေရိကန်မှာကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရတဲ့ အတွက်ဝမ်းသာပါတယ်” ဟု ဒါရိုက်တာစိန်လျှံထွန်းက ဆိုသည်။

မြန်မာရုပ်ရှင်ပွဲတော်တွင်ပြသမည့် Rays of Amour မှတ်တမ်းဇာတ်ကားမှာ နာဂဒေသ စာရာမေတိတောင်ခြေနောက်ဆုံး မကူရီမျိုးဆက်များနေထိုင်ရာ မသော်ရီရွာတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နာဂအမျိုးသမီးတစ်ဦး၏ ဘဝဖြစ်စဉ်ကို အခြေခံကာပုံဖော်ထားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့တွင် မြန်မာရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်ကာ ယခုနှစ်တွင် ၁၁ ကြိမ်မြောက်အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။ ယခုနှစ်အတွက် မှတ်တမ်းဇာတ်ကားများ၊ ဇာတ်ကားတိုများ၊ အင်နီမေးရှင်း ဇာတ်ကားများနှင့် feature film များ အားဖိတ်ခေါ်ခဲ့ရာတွင် ရွေးချယ်ခံရသည့် ဇာတ်ကားများ၏ စာရင်းအားစတင်ကြေညာခြင်း ဖြစ်သည်။

မြန်မာရုပ်ရှင်ပွဲတော်တွင် ပွဲစဉ်အလိုက် ပြသသွားမည့် ဇာတ်ကားများ၏ စာရင်းအား အသေးစိတ်ထပ်မံကြေညာပေးမည် ဖြစ်သည်။

Most Read

Most Recent