မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မျက်နှာကြီးငယ်မရွေး ဖမ်းဆီးအရေးယူရန် ပြည်ထဲရေးဝန်ကြီး ပြောကြား

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မျက်နှာကြီးငယ်မရွေး ဖမ်းဆီးအရေးယူရန် ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 24 July 2018

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မျက်နှာကြီးငယ်မရွေး ဖမ်းဆီးအရေးယူရန် ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့်သူများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မှာကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် အရာရှိကြီးများနှင့် အရာရှိတပ်ဖွဲ့ ဝင် ၄၄ ဦးကို ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အား သွေးသစ်လောင်း ဆောင်ရွက်လိုသဖြင့် ယခုကဲ့သို့  ရဲတပ်ဖွဲ့ဝင်များအတွင်းမှ သင့်လျော်သူများကို စိစစ်ထုတ်နုတ်ပြောင်းရွှေ့တာဝန်ပေးအပ် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူညွှန့်တုံးစေမည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတင်းစုံစမ်းပြီး မျက်နှာကြီးငယ်မရွေး ဖမ်းဆီးအရေးယူနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တွင် စိတ်သစ်လူသစ်ဖြင့် စိတ်ပါနှစ်ပြီး အလုပ်ဖြင့် သက်သေပြရန် စသည်ဖြင့် မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ရဲအရာရှိကြီးများ၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် အရာရှိကြီးများနှင့် အရာရှိ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent