မန်ယူအသင်းသည် နောက်ခံလူဒေလီဘလင်းအတွက် အေဂျက်ဇ်အသင်း၏ ပေါင်(၁၄.၁)သန်း+ Adds On ကြေးဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဘလင်းသည် ၂၀၁၄ ခုနှစ်က အေဂျက်ဇ်အသင်းမှ မန်ယူအသင်းသို့ ပေါင် (၁၃.၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နည်းပြ မော်ရင်ဟိုလက်ထက်တွင် ပုံမှန်နေရာရရန်
ရုန်းကန်နေရသူ ဖြစ်သည်။
အေဂျက်ဇ်အသင်းသည် ဘလင်းအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် မန်ယူအသင်းကို ပေါင်(၁၄.၁)သန်းပေးချေမည်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ ထပ်မံပေးချေရမည့် ဆုကြေးကိုပါ ထပ်ပေါင်းမည်ဆိုပါက ပေါင် (၁၈.၅)သန်းအထိ ရှိလာမည်ဖြစ်ရာ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ကြောင်းလည်း သိရသည်။
ဘလင်းသည် မန်ယူအသင်းအတွက် (၄)ရာသီတွင် ပြိုင်ပွဲစုံ (၁၄၁)ပွဲကစားပြီး (၆)ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် (၇)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် ရာသီကြိုခြေစမ်းပွဲများ ကစားရန် လာမည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းမတိုင်မီ ဘလင်းအပြောင်းအရွှေ့ကိစ္စကို အပြီးသတ်နိုင်ရန် ရည်မှန်းနေကြောင်း သိရသည်။