တောင်နှင့် မြောက် ရထားလမ်းဖောက်လုပ်ရေးအတွက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေး

တောင်နှင့် မြောက် ရထားလမ်းဖောက်လုပ်ရေးအတွက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေး
Published 27 June 2018

ဇွန် ၂၆ ရက်က ပန်မန်ဂျွန်ကျေးရွာတွင် ဆွေးနွေးပွဲ၌ တောင်နှင့်မြောက်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ လက်ဆွဲနှုတ်ဆက်နေကြစဉ် (Photo - AFP)

မြောက်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့နှစ်နိုင်ငံအား နယ်စပ်ဖြတ်ကျော် ရထားလမ်းများဖြင့် ဆက်သွယ်ရေးအတွက် ဇွန်၂၆ ရက်က ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ အဆိုပါရုပ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုသည် ကိုရီးယားနှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပြောင်းလဲပေးနိုင်လိမ့်မည် ဖြစ်သည်။

ရထားလမ်းဖောက်လုပ်ရေးနှင့် ပတ်သက်၍ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ ဆွေးနွေးမှုကို စစ်မဲ့ဇုန်ထဲရှိ ငြိမ်းချမ်းရေး ပန်မန်ဂျွန်ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆိုးလ်-ပြုံယမ်း-ဆီနူဂျူ (တရုတ်နယ်စပ်ရှိ မြောက်ကိုရီးယားမြို့) အား ဆက်သွယ်ထားသော ရထားလမ်းတစ်ခုသည် ယခင်ကတည်းက ရှိနေနှင့်ပြီးဖြစ်ပြီး ၂၀ ရာစုအစောပိုင်းက ဂျပန်က တည်ဆောက်ပေးခြင်း ဖြစ်သည်။ ယင်းရထားလမ်းသည် ကိုရီးယားနှစ်ခြမ်းကွဲခြင်း၊ ကိုရီးယားစစ်ပွဲဖြစ်ခြင်းမတိုင်မီ ဆယ်စုနှစ်များမတိုင်မီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးကို မှီခိုနေရသည့် တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ အိုဟောင်းနေသော ရထားလမ်းစနစ်နှင့် ချိတ်ဆက်မှုကြောင့် တရုတ်၊ ရုရှားမှတစ်ဆင့် ဥရောပသို့ကုန်းလမ်းကြောင်းတစ်ခုပေါက် သွားစေနိုင်မည် ဖြစ်သည်။ ကိုရီးယားနှစ်နိုင်ငံသည် ကိုရီးယားစစ်ပွဲပြီးကတည်းက မည်သည့် အရပ်ဘက်ဆက်နွှယ်မှုမျှ (စာအဆက်အသွယ်ပင်) မရှိပေ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဒေါ်နယ်ထရန့်၊ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့ကြားတွင် ထိပ်သီးအစည်းအဝေးများ ပြုလုပ်နိုင်ခြင်းနှင့်အတူ ကိုရီးယားကျွန်းဆွယ်ပေါ်မှ သံတမန်ဆက်ဆံရေး နွေးထွေးလာခဲ့သော်လည်း မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် ကြီးမားလှသော ပိတ်ဆို့မှု ဖိအားများအောက်သို့ ရောက်ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် အဆိုပါအရေးယူ ပိတ်ဆို့မှုများအား လျှော့ချပြီးမှသာ လက်တွေ့ကျသည့် ခြေလှမ်းများကို လှမ်းနိုင်လိမ့်မည်ဖြစ်သည်။ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင် ကင်ဂျွန်ရယ်ကလည်း  တွေ့ဆုံဆွေးနွေးမှုစတင်ချိန်တွင် ယင်းကိစ္စကို အသိအမှတ်ပြုပြောကြားခဲ့သည်။ “ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတာနဲ့ ကျွန်တော်တို့တတွေ သုတေသနလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး စီမံကိန်းအမျိုးမျိုးကိုလည်း လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြန်လည်ချဉ်းကပ်ရေးစီမံကိန်း၏ အစောပိုင်းကာလအတွင်း တောင်ကိုရီးယားသည် ဒိုရာဆန်( စစ်မဲ့ဇုန်၏တောင်ဘက်)၌ မီးရောင်ထိန်ထိန်ညီးနေသော ဘူတာရုံတစ်ရုံကို မြောက်ကိုရီးယားမြို့တော်နှင့် အမှန်တကယ် ဆက်သွယ်ထားခြင်းမရှိသော ရထားလိုင်းအတွက် အထိမ်းအမှတ်အနေနှင့် ဆောက်လုပ်ခဲ့သည်။ ယင်းရထားလိုင်းသည် တောင်ကိုရီးယား၏ ဆိပ်ကမ်းမြို့ ဘူဆန်မှ တစ်ဆင့် မြောက်ကိုရီးယား၊ ရုရှားတို့ကိုဖြတ်ပြီး ဥရောပသို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။ ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ထားသော ရထားလိုင်းသည် ဆားဘီးယား ဖြတ်ကျော်ရထားလိုင်းနှင့် ဆက်နွှယ်ခြင်းဖြင့် ဥရောပသို့ လမ်းပေါက်စေမည်ဖြစ်ပြီး ယင်းကြောင့် တောင်နှင့်မြောက် ကိုရီးယားကိုသာမက ရုရှားအတွက်ပါကြီးမားသည့် အကျိုးကျေးဇူး ဖြစ်လာလိမ့်မည်ဟု တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောခဲ့ဖူးသည်။

Ref ; AFP

Most Read

Most Recent