ကြော်ငြာဆိုင်းဘုတ်များတွင် ဆက်သွယ်ရေး တာဝါတိုင်များ၊ အင်တာနာများ တပ်ဆင်ထားမှုအပေါ် တရားဝင် ခွင့်ပြုချက်ရှိမရှိ တိုင်းပြည်အခွန်ငွေ ရရှိမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ မေးမြန်းမည်

ကြော်ငြာဆိုင်းဘုတ်များတွင် ဆက်သွယ်ရေး တာဝါတိုင်များ၊ အင်တာနာများ တပ်ဆင်ထားမှုအပေါ် တရားဝင် ခွင့်ပြုချက်ရှိမရှိ တိုင်းပြည်အခွန်ငွေ ရရှိမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ မေးမြန်းမည်
Published 27 June 2018

ဇွန် ၂၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့သည့် တာဝါတိုင်နှင့် အင်တာနာများ တပ်ဆင်ထားသည့် ကြေငြာဆိုင်းဘုတ်အား တာဝန်ရှိသူများ ရှင်းလင်းစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြော်ငြာဆိုင်းဘုတ်များတွင် ဆက်သွယ်ရေး တာဝါတိုင်များ၊ အင်တာနာတိုင်များ တပ်ဆင်ထားမှုအပေါ် တရားဝင်ခွင့်ပြုချက် ရှိ မရှိ တိုင်းပြည်အခွန်ငွေ ရရှိမှုများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက လာမည့် သတ္တမပုံမှန် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းမည် ဖြစ်ကြောင်း ပြောကြားသည်။

“မေးမြန်းသွားဖို့တော့ ရှိတယ်။ ဒါတွေက တိုင်းပြည်ရဲ့ ဘဏ္ဍာငွေထဲကိုဝင်သလား။ ဘယ်လို ခွင့်ပြုချက်တွေနဲ့ လုပ်ထားသလဲ။ ဒီလိုမျိုး အော်ပရေတာတွေက သီးခြားမဟုတ်ဘဲနဲ့  ဘေဘုတ်တွေ အပေါ်မှာ ထပ်ဆင့်ထူပြီးတော့ ဆက်သွယ်ရေးတိုင်တွေက အခွန်ရရဲ့လား။ အဲဒီလို မေးမြန်းသွားဖို့ အစီအစဉ် ရှိပါတယ်။ အခုလွှတ်တော်မှာ မမီတော့ဘူး။ လွှတ်တော် အစည်းအဝေး တစ်ခုမှာ လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း ၁၀ ခုပဲ တင်လို့ရတာ။ ကျွန်တော်က အခုလွှတ်တော်မှာ မေးခွန်းတွေ ပြီးသွားပြီးတော့ နောက်လာမယ့်လွှတ်တော် သတ္တမအစည်းအဝေးမှာ မေးမြန်းဖို့ စီစဉ်ထားပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ကြော်ငြာဘေဘုတ်များကို စည်ပင်သာယာမှ စီမံခန့်ခွဲခြင်းဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆက်သွယ်ရေး တာဝါတိုင်များကို တပ်ဆင်နိုင်ကြောင်း၊ သို့သော်လည်း တပ်ဆင်ထားမှုများမှ တိုင်းပြည်အတွက် အခွန်ရမရသည် အဓိကဖြစ်ပြီး အန္တရာယ်ရှိပါက တပ်ဆင်ခွင့် မပြုသင့်ကြောင်း၊ ဆက်သွယ်ရေးကြိုးများနှင့် ပတ်သက်ပြီး ခွင့်ပြုချက် မရှိပါက ပြန်ဖြုတ်သိမ်းမည်ဟု ဝန်ကြီးဌာနက ညွှန်ကြားခြင်းများ ရှိသည့်အတွက်  ယခုကိစ္စကိုလည်း ပြန်လည်စိစစ်သင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ရန်ကုန်မှာရှိတဲ့ ဘေဘုတ်တွေမှာ ဆက်သွယ်ရေး တာဝါတိုင် အင်တာနက်တွေ ချိတ်ခွင့်ပြုထားတာ ဟုတ်တယ်။ ပြည်လမ်းမှာ ဘေဘုတ်လဲသွားတယ် ဆိုတာလည်း လေဆင်နှာမောင်း တိုက်ခဲ့လို့ပါ။ အခြားဘေဘုတ်တွေက အခုလိုမှ မဖြစ်တာ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် ဆက်သွယ်ရေးတိုင်များတွင် ခွင့်ပြုချက် မရှိဘဲ တရားမဝင် သွယ်တန်းထားသည့် fiber cable များကို ဇူလိုင် ၂ ရက်တွင် ဖယ်ရှားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများအား တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇွန် ၂၄ ရက်တွင် အသိပေး ကြေညာထားသည်။

တာဝါတိုင် တည်ဆောက်ခြင်းနှင့် fiber network လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားသည့် ကုမ္ပဏီ ငါးခုသာရှိပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသော ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း YESC နှင့် တရားဝင်စာချုပ် ချုပ်ဆိုပြီး ခွင့်ပြုချက် ရရှိထားသည့် ကုမ္ပဏီ သုံးခုနှင့် YCDC တွင်၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းပေးပြီး ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီ နှစ်ခုသာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent