တေးသံရှင်ပိုးမီနှင့်တွေ့ဆုံခြင်း

တေးသံရှင်ပိုးမီနှင့်တွေ့ဆုံခြင်း
Published 13 June 2018

‘အသစ်တစ်ယောက်ရဲ့ဖန်တီးမှုကိုလက်ခံကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအခြေအနေမှာတင် ကျေနပ်နေမှာမဟုတ်ဘဲ ဆက်ပြီး အများကြီးကြိုးစားသွားမှာပါ’

 

Myanmar Idol Season 2 ပြိုင်ပွဲတွင် ရော့ခ်အသံ အားကောင်းကောင်းဖြင့် တေးသီချင်းများအား ခံစားမှုအပြည့်သီဆိုယှဉ်ပြိုင်တတ်သူ ပြိုင်ပွဲဝင်ပိုးမီအား ပရိသတ်များက အသိအမှတ်ပြုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် Top 3 Finalist ထိ ပါဝင်ခွင့်ရခဲ့သော်လည်း Winner ဆုနှင့် လွဲချော်ခဲ့ရသူ တေးသံ ရှင်ပိုးမီသည် ပြိုင်ပွဲကာလပြီးဆုံးချိန်တွင်လည်း ဂီတခရီးလမ်း၌ ဆက်လက်လျှောက်လှမ်းနေခဲ့ပြီး တစ်ကိုယ်တော် တေးစီးရီးတစ်ခွေအား ထွက်ရှိနိုင်ခဲ့ပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက Global Idol မှ ရွေးချယ်သည့် Idol Winners of 2017 အမည်စာရင်းများအား ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံမှတေးသံရှင် ပိုးမီ၏ Top 3 Finalist တွင်ယှဉ်ပြိုင်ခဲ့သည့် “ယုံကြည်ရာ” တေးသီချင်းကိုရွေးချယ်ဖော်ပြခဲ့သဖြင့် ပိုးမီ၏ပရိသတ်များစွာက ဝမ်းမြောက်ဂုဏ်ယူခဲ့ကြသည်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြခြင်းခံခဲ့ရသည့် တေးသီချင်းနှင့်ပတ်သက်၍ ပိုးမီ၏ခံစားချက်၊ အဆိုပါ တေးသီချင်းယှဉ်ပြိုင်ခဲ့စဉ်တွင် ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရချိန်၌ ထားရှိခဲ့သည့်စိတ်ဓာတ်ခွန်အား၊ ရှေ့ဆက်လျှောက်လှမ်းသွားမည့် အနုပညာခရီးလမ်းအပေါ် ရည်မှန်းထားသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ပရိသတ်တွေကလတ်တလောမှာ ပိုးမီအတွက် ဂုဏ်ယူနေရတယ်ပေါ့နော်။ Global Idol စာရင်းမှာ မြန်မာ ကိုယ်စားပြုပါဝင်ခဲ့တယ်ဆိုတော့ အဲဒီအတွက်ခံစားချက်ကိုလည်း သိချင်ပါတယ်။

ဖြေ - အဲဒါက သူငယ်ချင်းတစ်ယောက်က အဲဒီ Link လေးတွေ့တော့ ကိုယ့်ကိုလာပြောတယ်။ ဒီအခါ global idol စာရင်းမှာ Global Idol Winners of 2017 စာရင်းမှာ တကယ် ဖော်ပြထားတာလည်း တွေ့ရတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် မယုံနိုင်သလိုလည်း ခံစားရတယ်။ ကိုယ်က winner မဟုတ်တော့လေ။ မှားများ မှားနေသလားပေါ့။ တကယ်တမ်းလည်း သူတို့က တင်ထားတယ်။ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုနဲ့ ကိုက်ညီတဲ့အတွက် ရွေးချယ်တယ်လို့လည်း ထင်ပါတယ်။ စပြီးဝင်ကြည့်တုန်းကတော့ စူးစမ်းချင်စိတ်နဲ့ ကြည့်ခဲ့တာပါ။ တကယ်လည်းတွေ့ရတော့ အဲဒီညကို ပြန်ရောက်သွားသလိုခံစားရတယ်။ အဲဒါက နောက်ဆုံးပြုတ်သွားခဲ့တဲ့ညပေါ့။ ဒီသီချင်းလေးကို အကောင်းဆုံးတော့ဖျော်ဖြေခဲ့တယ်။ ဆရာ ကိုဥက္ကာဦးသာကလည်း အကောင်းဆုံး arrangement တွေ လုပ်ပေးခဲ့သလို အန်တီထရေစီရဲ့ ပံ့ပိုးပေးမှုတွေကြောင့်လည်း ပါပါတယ်။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

 

မေး - ယုံကြည်ရာသီချင်းနဲ့ပတ်သက်တဲ့ ခံစားချက်ဆိုရင်ရော။

ဖြေ - အမှန်ပြောရရင်တော့ ယုံကြည်ရာ သီချင်းကို ဆိုရတာ ကြောက်တယ်။ ကိုလေးဖြူ ရဲ့ပရိသတ်တွေကအများကြီးရှိတယ်။ သီချင်းကလည်း ရော့ခ်ပုံစံမဟုတ်ဘဲ ခွန်အားပေးတဲ့ သီချင်းကိုမှ ကိုယ်က လေပြေလေးနဲ့ ပြောတဲ့ပုံစံမျိုးပေါ့။ နူးနူးညံ့ညံ့ဆိုရတာဖြစ်တယ်ပေါ့။ ဒီသီချင်းကိုဆိုမယ်ဆိုတဲ့အခါ ဝေဖန်ခံရမှာ ကိုကြောက်ခဲ့တယ်။ တကယ်လည်း ဝေဖန်ခံခဲ့ရသလို အားပေးခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒီသီချင်းကိုဆိုခဲ့တဲ့အတွက် နောင်တတော့ မရပါဘူး။

 

မေး - ဂီတခရီးလမ်းမှာ ဖြတ်သန်းတဲ့အခါ ဘယ်လို စိတ်ခံယူမှုနဲ့ ဖြတ်သန်းဖြစ်လဲ။

ဖြေ - ကိုယ်ယုံကြည်ထားပြီးတဲ့ကိစ္စတိုင်းမှာတော့ ကိုယ့်ခံယူချက်အတိုင်း ကိုယ်သွားလေ့ရှိတယ်။ အစွန်းရောက်တဲ့ ခံယူချက်မျိုးတော့ ထားလေ့မရှိဘူး။ Myanmar Idol ကို ဝင်ပြိုင်ခဲ့တုန်းကလည်း အခက်အခဲတွေရှိပေမယ့် ပရိသတ်အားပေးမှုရခဲ့သလို အခုလို နိုင်ငံတကာက အသိအမှတ်ပြုမှုတစ်ခုရလာ တဲ့အတွက် မှန်ကန်တဲ့ခံယူချက်ဖြစ်တယ်လို့ ထင်ပါတယ်။ ဂီတခရီးလမ်းကိုလည်း မှန်ကန်တဲ့ခံယူချက်အတိုင်း ဆက်ပြီးလျှောက်လှမ်းသွားမှာပါ။

 

မေး - Myanmar Idol မှာ Winner မဖြစ်ခဲ့ပေမယ့် ပရိသတ် အခိုင်အမာတော့ ရခဲ့တယ်နော်။ အဲဒီအတွက် ဘယ်လိုခံစားရလဲ။

ဖြေ - အဲဒီအတွက် ပရိသတ်အားလုံးကို ကျေးဇူးတင်ရသလို ဂီတအလုပ်တွေ ရှေ့ဆက်လုပ်ဖို့အတွက်လည်း ခွန်အားတွေ အများကြီးရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အမြဲတမ်း ကြိုးစားသွားမှာပါ။ အားပေးတဲ့ပရိသတ်ရှိ နေသရွေ့ မဆုတ်မနစ်ဇွဲနဲ့ ပိုးမီဆက်ပြီးကြိုး စားသွားမှာပါ။ ပိုးမီရဲ့ဒုတိယခြေလှမ်းဖြစ်တဲ့ ဒုတိယအယ်လ်ဘမ်အတွက် အားပေးပါဦး လို့ပြောချင်ပါတယ်။

 

မေး - ဒုတိယအယ်လ်ဘမ်အတွက်က စပြီး ပြင်ဆင်နေပြီလား။

ဖြေ - ဒုတိယအယ်လ်ဘမ်အတွက်က စပြီး ပြင်ဆင်နေပါပြီ။ ဖြည်းဖြည်းချင်း အချိန်ယူပြင် ဆင်သွားမှာပါ။ ပထမခွေနဲ့မတူညီတဲ့ ဖန်တီးမှုတွေလည်း ပါဝင်ပါမယ်။ စိတ်ကူးထဲကအိမ်လေးကစပြီး ဆောက်နေပြီပေါ့။ အကောင် အထည်ပေါ်ဖို့ပဲ လိုပါတော့တယ်။

 

မေး - ဒုတိယခွေမှာ ဘယ်လိုပုံစံတွေပြောင်းလဲသွားဖို့ရှိမလဲ။

ဖြေ - music မှာ ပိုးမီကြိုက်တဲ့ ပုံစံတွေရှိတယ်။ အထူးသဖြင့် ရော့ခ်ဂီတပေါ့။ ရော့ခ်သီးသန့် ကြိုက်တဲ့ပရိသတ်တွေအတွက် လုပ်ဖြစ်မယ့် သီချင်းလေးတွေပေါ့။ နောက်ထပ် ပရိသတ်တွေ နားဆင်ချင်မယ့် တခြားဂီတပုံစံတွေလည်း ပါဝင်ပါမယ်။ ပထမခွေမှာလည်း ဘယ်လိုသီချင်းလေးတွေပရိသတ်က ပိုကြိုက်လဲ စဉ်းစားပြီး နောက်တစ်ခွေမှာ ပရိသတ်ကြိုက်တာနဲ့ ကိုယ်ဆိုချင်တာမျှပြီး ဆိုဖြစ်သွားပါမယ်။

 

မေး - ကိုယ်တိုင်လည်း သီချင်းတွေ ရေးဖြစ်နေတယ်ဆိုတော့ ပရိသတ်အကြိုက်ဖြစ်မယ့် သီချင်းနဲ့ ကိုယ့်ခံ စားချက်အတိုင်း ဖန်တီးချင်တဲ့သီချင်းကို ဘယ်လိုမျှပြီး ဖန်တီးဖြစ်လဲ။

ဖြေ - အဓိကတော့ကိုယ်ကြိုက်တာတွေချည်းပဲ အမြဲလုပ်လို့လည်း မရဘူးလေ။ အနုပညာ ရှင်တစ်ယောက်အတွက် အရေးပါဆုံးက ပရိသတ်ပါ။ ပရိသတ်က ကိုယ့်ကိုမြင်တဲ့ပုံစံလည်း ပါဖို့လိုသလောက် ကိုယ်ကမြင်စေချင်တဲ့ပုံစံကိုလည်း ကိုယ်ဖန်တီးတဲ့အနုပညာမှာ ထည့်ရတာပေါ့။ မျှမျှတတရှိဖို့ လိုအပ်ပါတယ်။

 

မေး - ထွက်ခဲ့ပြီးတဲ့ပထမခွေကိုရော အားရကျေနပ်မှု အပြည့်အဝရှိခဲ့လား။

ဖြေ - လုပ်တုန်းကတော့ အကောင်းဆုံးပြင်ဆင်ခဲ့ပေမယ့် တကယ်တမ်း ထွက်သွားပြီးတဲ့ အခါကျတော့ ဒီနားမှာ ဒီလိုလေး ဆိုလိုက်ရကောင်းသားဆိုတဲ့ စိတ်တော့ အမြဲဖြစ်တယ်။ ဒါလေးကို ဒီလိုလေး လုပ်လိုက်ရမှာဆိုတာ လေးပေါ့။ နောက်တစ်ပိုင်းကကျတော့ အခွေလေး ထွက်နိုင်တဲ့အပေါ် ကျေနပ်တာလည်း ရှိတယ်။ ပရိသတ်တွေကလည်း အတိုင်းအတာတစ်ခုအထိ လက်ခံပေးတဲ့အပေါ်မှာပျော်ရွှင်ရပါတယ်။ ပိုးမီက ပြိုင်ပွဲကတက်လာတဲ့ မျက်နှာသစ်တစ်ဦးပါ။ ဒီလိုအသစ်တစ်ယောက်ရဲ့ဖန်တီးမှုကို လက်ခံကြိုဆိုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီအခြေအနေမှာတင် ကျေနပ်နေမှာမဟုတ်ဘဲ ဆက်ပြီး အများကြီးကြိုးစားသွားမှာပါ။

 

မေး - နောက်အခွေမှာလည်း ကိုယ်တိုင်ရေးဖြစ်မှာတွေ ပါမလား။

ဖြေ - ပါပါမယ်။ ကိုယ်တိုင်ရေးဖြစ်တာတွေက  pop slow တွေများတော့ ပိုးမီဆိုချင်တဲ့ ရော့ခ်ပုံစံလေးတွေကိုတော့ တခြားတေးရေး ဆရာတွေဆီကနေ ယူသွားဖို့တော့ရှိတယ်။ သီချင်း လေးတွေကိုတော့ အကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကိုယ်တိုင်ရေးတာတော့ အများကြီး မထည့်တော့ဘူးလို့ စဉ်းစားတယ်။ ပထမခွေမှာလည်း ကိုယ်တိုင်ရေးတာ ငါးပုဒ်လောက်ထည့် ထားတော့လေ။

 

မေး - သီချင်းရေးတာနဲ့ဆိုရတာဆိုရင်ရော ဘယ်ဘက်ကို ပိုအားသန်လဲ။

ဖြေ - ဆိုရတာကိုပိုကြိုက်တယ်။ သီချင်းရေးတယ်ဆိုတာကတော့ ငယ်ငယ်ကတည်းကလည်း ကဗျာတွေစာတွေ ရေးဖြစ်တော့ သီချင်းလည်းရေးဖြစ်တာ။ အဲဒီကတည်းက ပါခဲ့တဲ့ပိုးက ဂစ်တာတီးတတ်လာတော့ သီချင်းရေးဖြစ်လာတာပါ။ ရေးဖြစ်တဲ့ သီချင်းတွေက အဆွေး mood များတော့ အဆွေးသီချင်း ရေးဖြစ်တာ ပိုများပါတယ်။

 

မေး - လတ်တလော အနုပညာ လှုပ်ရှားမှုဆိုရင်ရော။

ဖြေ - လတ်တလောကတော့ ပွဲတွေလည်းဆိုဖြစ်ပါတယ်။ မိုးတွင်းဆိုတော့ပွဲတော့နည်း နည်းပါးတယ်ပေါ့နော်။ ဒီကြားထဲမှာတော့ ဒုတိယခွေအတွက် အသံသွင်းတာတွေ လုပ်ဖြစ်ပါမယ်။

 

မေး - Myanmar Idol Season 3 ပြိုင်ပွဲလည်း စပြီဆိုတော့ ပြိုင်ပွဲဝင်တွေအတွက် အကြံပေး စကားလည်း ပြောပေးပါဦး။

ဖြေ - ပြိုင်ပွဲမှာ ဆန်ခါတင်အဆင့်ကို ပါဝင်ခွင့်ရပြီဆိုရင် ကိုယ့်ပန်းတိုင်တစ်ဝက်ကို ရောက်နေပြီပေါ့နော်။ ဒီအတွက် အားတင်းထားပါ။ ဒီအဆင့်ကိုရောက်ခဲ့ပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေ များမယ်။ အခက်အခဲတွေရှိမယ်။ အိပ်ရေးပျက်တာတွေရှိမယ်။ စိတ်ပင်ပန်းမှုတွေရှိနိုင်သလို ဝေဖန်တာတွေလည်း ခံရနိုင်တယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ကြိုးစားပါ။ ဇွဲမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်။ ကြိုးစားမှုတိုင်းအတွက် ရလဒ်ကောင်းဆိုတာက အမြဲတမ်းရလာမှာပါ။ ပိုးမီအတွက် ရလဒ်ကောင်းရခဲ့တဲ့အတွက် အမြဲတမ်း ခွန်အားတွေရတယ်။ Season 3 မှာလည်း တော်တဲ့ပြိုင်ပွဲဝင်တွေ အများကြီးပါမယ်ဆိုတာ ယုံကြည်ပါတယ်။

Most Read

Most Recent