ထရန့်-ကင် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူ၌ ဇွန်လတွင်ကျင်းပဖွယ်ရှိဟု သတင်းများကဖော်ပြ

ထရန့်-ကင် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူ၌ ဇွန်လတွင်ကျင်းပဖွယ်ရှိဟု သတင်းများကဖော်ပြ
Published 8 May 2018

၂၀၁၄ ခုနှစ် မတ် ၃ ရက်က စင်ကာပူရှိ ဘဏ္ဍာရေးခရိုင်အား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် လာမည့်လတွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံကြဖွယ်ရှိသည်ဟု မေ ၇ ရက် သတင်းများထဲတွင် ဖော်ပြခဲ့သည်။ စိတ်အပြောင်းအလဲမြန်သော ခေါင်းဆောင်နှစ်ဦးကြားတွင် မကြံစဖူးထိပ်သီး ဆွေးနွေးပွဲကျင်းပမည်ကို ကြိုတင်မှန်းဆမှုများမှာ ကြီးထွားလာလျက်ရှိသည်။

ထိပ်သီးဆွေးနွေးပွဲအတွက် နေရာနှင့်အချိန်ကို နှစ်ဘက်စလုံးက ရွေးချယ်ထားပြီးပြီဟု ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်တွင် ထရန့်က ပြောကြားခဲ့သည်။ သို့သော်လည်း အသေးစိတ်အကြောင်းအရာများ မပါဝင်ပေ။ ယင်းသည် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ကြားမှ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်သည်။ “ကျွန်တော်တို့ မကြာမီ ကြေညာပါ့မယ်” ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

သမိုင်းမှတ်တိုင်ဖြစ်လာမည့် ထရန့်-ကင် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လလယ်တွင် ပြုလုပ်လိမ့်မည်ဟု ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်၏ ပြောကြားချက်ကို ကိုးကားပြီး တောင်ကိုရီးယားနေ့စဉ် သတင်းစာ Chosun IIbo က မေ ၇ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ယင်းထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပနိုင်ခြေမှာလည်း မြင့်တက်လာသည်ဟု သတင်းစာထဲတွင် ဖော်ပြထားသည်။ ထရန့်သည် ယခုလနှောင်းပိုင်းတွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံမည့်အရေးကို အိမ်ဖြူတော်၌ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း အခြားသော ရှင်းလင်းချက်များ မသိသေးပေ။

တောင်၊ မြောက်ကိုရီးယားခေါင်းဆောင်များနှင့် ထရန့်တို့၏ တွေ့ဆုံမှုပြုလုပ်မည့် နေရာနှစ်ခုစလုံးနှင့်ပတ်သက်သော အစီအစဉ်များကို ဆွေးနွေးရန် ဂျွန်ဘိုတန်သည် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးချွန် အီယွန်နှင့် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းက ဝါရှင်တန်တွင် တွေ့ဆုံခဲ့သည်ဟု ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ထိပ်သီးအစည်းအဝေးကျင်းပရန်နေရာအဖြစ် စင်ကာပူကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း အလားတူသတင်းတစ်ပုဒ်ကို  တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနတွင်လည်း ဖော်ပြခဲ့သည်။

ထရန့်ကမူ ၎င်းနှင့်ကင်တို့၏ တွေ့ဆုံမှုကို ကိုရီးယားနှစ်နိုင်ငံကြားမှ စစ်မဲ့ဇုန်တွင် ပြုလုပ်ခြင်းသည်လည်း သင့်လျော်ကြောင်း  မကြာသေးမီကပင် အကြုံပြုခဲ့သေးသည်။ မွန်းနှင့်ကင်တို့၏ ထိပ်သီးတွေ့ဆုံမှုကို လည်း စစ်မဲ့ဇုန်ထဲမှာပင် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ မွန်ဂိုလီးယားနှင့် ဆွစ်ဇာလန်တို့ သည်လည်း ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ဖြစ်နိုင်ခြေရှိသည့် နေရာများစာရင်း၌ ပါဝင် နေသည်။  ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲပြီးကတည်းက ထရန့်နှင့်ကင်တို့၏ ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများမှာ အရှိန်မြင့်တက်လာကြခြင်း ဖြစ်သည်။

Ref; AFP

Most Read

Most Recent