ကချင်ပြည်နယ်တွင် ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများအတွက် တောင်ကြီးမြို့ SAG မှ ကျောင်းသားကျောင်းသူများ ကားရေဆေးပြီး အလှူငွေကောက်ခံ

ကချင်ပြည်နယ်တွင် ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများအတွက် တောင်ကြီးမြို့ SAG မှ ကျောင်းသားကျောင်းသူများ ကားရေဆေးပြီး အလှူငွေကောက်ခံ
Published 6 May 2018

ကချင်ပြည်နယ်တွင် ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများအတွက် တောင်ကြီးမြို့တွင် အလှူငွေကောက်ခံနေစဉ်

ကချင်ပြည်နယ်တွင် ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် တောင်ကြီးမြို့ရှိ SAG စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများဦးစီး၍ ကားရေဆေးပြီး အလှူငွေကောက်ခံခြင်းကို မေ ၅ ရက်မှစ၍ တစ်ပတ်တာလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ SAG အင်္ဂလိပ်စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများသည် ကားရေဆေးခြင်း၊ အလှူငွေကောက်ခံခြင်းကို မေ ၅ ရက်မှစ၍ တစ်ပတ်တာအလှူငွေ ကောက်ခံခြင်းလှုပ်ရှားမှုကို ပြုလုပ်မည်ဖြစ်ကြောင်း စာသင်ကျောင်း တာဝန်ရှိသူက ပြောကြားသည်။

“ပိတ်မိနေတာ ထောင်နဲ့ချီလို့တော့ ပြောတာပဲ။ လောလောဆယ် ကာမိုင်းဘက်မှာ ပိတ်မိနေတယ်။ မြစ်ကြီးနားကို ဝင်လာဖို့ ပိတ်မိနေတယ်။ သူတို့မှာ လိုအပ်နေတာတွေ ကူညီဖို့ SAG ကျောင်းသားကျောင်းသူတွေ ကားရေဆေးတာတို့၊ အလှူငွေကောက်ခံတာတို့ လုပ်တာဖြစ်တယ်” ဟု အင်္ဂလိပ်စာသင်ကျောင်းမှ ပေါန်စွပ်အောင်က ပြောကြားသည်။

“လူငယ်တွေက အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေကြောင့် တိုးတက်နိုင်သလို၊ လူငယ်တွေကြောင့်ပဲ ဆုတ်ယုတ်သွားနိုင်ပါတယ်။ အခုလို ဖြစ်နေတာကိုလည်း နိုင်ငံတိုးတက်ဖို့ လုပ်နေရမယ့်အချိန်မှာ စစ်ဘေးရှောင်တွေ အများကြီး လူငယ်တွေ ရှိနေတယ်။ ကျွန်မတို့လို စစ်ဘေးရှောင်မနေရတဲ့ မြို့ပေါ်က လူတွေကလည်း မီဒီယာတွေမှာဖြစ်ဖြစ် Update ဖြစ်နေရမယ်။ တစ်ထောင့်တစ်နေရာကနေ အကူအညီ ပေးနိုင်မယ်ပေါ့။ လူတိုင်းပြောမှာပဲ ငြိမ်းချမ်းရေးပေါ့။ ကျွန်မအမြင် ပြောရမယ်ဆိုရင် ပညာရေးကလည်း လိုအပ်တယ်။ အခုဖြစ်နေတာ ရွာတွေမှာ ဖြစ်နေတာများတယ်။ အဲဒီရွာတွေမှာလူငယ်တွေ တော်တော်များများ ပညာမတတ်ဘူး။ ရှေးရိုးစွဲတွေကတစ်ကြောင်းပေါ့။ အမြင်ပွင့်လင်းမှုမရှိဘဲ တိုက်ပွဲတွေကြားထဲမှာ အပြစ်မဲ့ ပြည်သူတွေကို နှိပ်စက်မှု ဖြစ်နေတယ်။ လူငယ်တွေ ရောက်နေတဲ့ အရပ်မှာသေချာစဉ်းစားပြီးတော့ ကိုယ့်ဒေသတွေမှာ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ကြပါလို့။ အကူအညီပေးတာထက် ဒုက္ခတွင်းထဲကနေ ကယ်ထုတ်လာတာ ပိုကောင်းမယ်။ ကျွန်မတို့ သွားပေးတာ တစ်ရက်ကုန်သွားမှာပဲ။ ကယ်ထုတ်တာက ပိုမှန်လိမ့်မယ်လို့ ကျွန်မ ကျောင်းသူတစ်ယောက်အနေနဲ့ စဉ်းစားမိတယ်” ဟု SAG အင်္ဂလိပ်ကျောင်းမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ ခေါန်ဆန်အောင်က ပြောကြားသည်။

“ရွာကသေးသေးလေး။ အိမ် ၅၀၊ ၆၀ ပဲရှိတယ်။ အဖေကိုဖမ်းပြီးတော့ နှိပ်စက်တယ်။ အဖေ့ကို ကြိုးချည်ပြီးထားထားတယ်။ ကြိုးပြေသွားတော့ ထွက်ပြေးတယ်။ သေနတ်နဲ့ ပစ်လိုက်တာခေါင်းကိုထိပြီး အဖေ မေ့လဲသွားတယ်။ အဲဒီမှာ ကြိုက်သလို နှိပ်စက်ထားတယ်။ ခြေထောက်မှာ ယင်ကောင်တွေတောင်လာနေပြီ။ ဗန်းမော်ခရိုင်က ဝန်ကြီးချုပ်တွေ သိပြီးတော့ ရောက်လာတယ်။ သူတို့ အကုန်လုံး ပြည်သူတွေကိုကယ်ထုတ်ဖို့ ကားနဲ့လာကယ်တယ်။ အဖေပြောတာကတော့ စစ်ဖြစ်တာဂျက်လေယာဉ်နဲ့ လာပစ်တော့ သေကြတယ်။ ထမင်းလေးစားခါရှိသေးတယ်။ ထိပြီးသေကုန်တယ်။ သူတို့ အမေတွေဆိုရင် ငိုကြတယ်” ဟု ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာမှ စစ်ဘေးရှောင် ကျောင်းသားထွယ်ရာက ပြောကြားသည်။

Most Read

Most Recent