သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ မြေကွက်အမှတ် ၂၂၊ ၂၃ နှင့်၂၄ တို့တွင် ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ မြေကွက်အမှတ် ၂၂၊ ၂၃ နှင့်၂၄ တို့တွင် ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 1 May 2018

သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ပိုင်ဆိုင်သော မြေကွက်အမှတ် ၂၂၊ ၂၃ နှင့် ၂၄ တို့ပေါ်တွင် ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက် အမှတ် ၂၅နှင့် ၂၆ ပေါ်တွင်ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် ဆိပ်ကမ်းတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ အဆိုပါဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက မြေကွက်အမှတ် ၂၂၊ ၂၃ နှင့် ၂၄တို့တွင် ဆိပ်ကမ်းသစ်များအား ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ သီလဝါဒေသ မြေကွက် ၂၅ နဲ့ ၂၆ ပေါ်မှာ ဆောင်ရွက်နေတဲ့ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ စီမံကိန်းလုပ်ငန်းတွေ ပြီးစီးပြီး ၂၀၁၉ နှစ်ဆန်းပိုင်းမှာ သင်္ဘောဆိုက်ကပ်မှုတွေ လက်ခံနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ပြီးတာနဲ့ ကျန်တဲ့မြေကွက်၂၂၊ ၂၃နဲ့ ၂၄ ပေါ်မှာ ဆိပ်ကမ်းသစ်တွေ တည်ဆောက်တာကို ဆက်ပြီးလုပ်သွားမယ်။ နောက်ပိုင်းမှာ ဆိပ်ကမ်းသုံးယန္တရားတွေ တပ်ဆင်ပြီးနဲ့ တစ်နှစ်ကို  TEU တစ်သန်းလောက်ထိ ကုန်တင်ကုန်ချပြုလုပ်နိုင်တဲ့ ဆိပ်ကမ်းဖြစ်လာအောင် ဆောင်ရွက်သွားမယ်။ ဒါမှ နိုင်ငံရဲ့ သွင်းကုန် ပို့ကုန်တင်ပို့မှု တိုးတက်လာရင် သီလဝါမှာ အဆင်သင့် လက်ခံနိုင်အောင်ပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဧပြီ ၃၀ ရက်က ပြောကြားသည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်အမှတ် ၂၅ နှင့် ၂၆ တွင် ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် ဆောင်ရွက်နေသည့် ဆိပ်ကမ်းတည်ဆောက်မှုတွင် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ နောက်ခံမြေပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းတို့ ပါဝင်ပြီး စီမံကိန်းပထမအဆင့်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါဒေသတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီဖြစ်သည့် ဂျပန်ယန်း ၂၃၆၈၀ မီလျံဖြင့် တည်ဆောက်နေသည့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် ၄၀၀မီ တာ_၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type) ၊ ၈၀-၉၀ မီတာ_ ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတားသုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ် စက်ကိရိယာများဖြစ်သည့်  Quay Crane နှစ်စင်း၊ RTG ခြောက်စင်း၊ Reach Stacker သုံးစင်း၊ Trailer ခြောက်စင်းနှင့် Chassis ခြောက်စင်းတို့အား ဝယ်ယူတပ်ဆင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ စီမံကိန်းတည်ဆောက်ရေးကာလမှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် စီမံကိန်းလုပ်ငန်းများ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးမည် ဖြစ်သည်။

Most Read

Most Recent