ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ငါးနှစ်စီမံကိန်းဖြင့် အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံံ့

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ငါးနှစ်စီမံကိန်းဖြင့် အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံံ့
Published 22 April 2018

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ငါးနှစ်စီမံကိန်းဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ကူညီထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာငါးသန်းဖြင့် ငါးနှစ်အတွက် ဒေါ်လာ ၂၅ သန်း ရရှိမည်ဖြစ်ပါကြောင်း၊ စာချွန်လွှာအရ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ခြင်း စသည့်ကဏ္ဍများနှင့် ကိုက်ညီသည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်လိုသည့် လုပ်ငန်းများအတွက် Proposal အမြန်တင်ပေးမှသာ လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် အတွေ့အကြုံများကို အခြေခံပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော်ရေး၊ ပြန်လည်လက်ခံရေး၊ နေရာချထားရေး လုပ်ငန်းများသည် တွဲဖက်လုပ်ဆောင်ရပြီး လတ်တလောအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ IDP Camp ပိတ်သိမ်းရေးများကို ဆောင်ရွက်နေသည်မှာ ခရီးအတော်ရောက်နေပြီဖြစ်ပါကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးသည် အရေးကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြန်လည်လက်ခံရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲစဉ်းစား၍ အစီအမံများ ရေးဆွဲလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မွတ်စလင်များထဲတွင် တစ်ဖက်နိုင်ငံ ထွက်သွားသူများ ရှိသကဲ့သို့ ကျန်ခဲ့သူများလည်းရှိကြောင်း၊ တစ်ဖက်နိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်စုများလည်း ပြန်လည်ဝင်ရောက်လာခဲ့ရာ နေရာခုနစ်နေရာတွင် လူဦးရေ ၃၀၀ ကျော်ရှိသည့်အတွက် ၎င်းတို့ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များ၊ နိုင်ငံသားလျှောက်ထားမှု ကိစ္စရပ်များ အဆင့်ဆင့် လုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် နေထိုင်ရေးကိစ္စများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှုလုပ်ငန်း၊ အသေးစားလုပ်ငန်းများ စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မောင်တောဒေသ တစ်ခုတည်းမဟုတ်ဘဲ ရခိုင်ပြည်နယ် တစ်ခုလုံးကို စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ခရီးသွားလာရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီး မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းကို ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ခြင်းများဖြင့် ပြည်နယ်ဖွံ့ဖြိုးရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မီဒီယာသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး အခြေအနေမှန်များကို အလေးထားပြီး ဖော်ပြသွားရန် လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

Most Read

Most Recent