ပခုက္ကူ-ကျွန်းချောင်း မီးရထားလမ်းတည်ဆောက်စဉ် သိမ်းဆည်းခံခဲ့ရသည့် မြေယာများထဲမှ ၇၆ ဒသမ ၅၈ ဧကအတွက် တစ်ဧကလျှင် ကျပ် ၁၅ သိန်းဖြင့် လျော်ကြေးငွေပေးအပ်

ပခုက္ကူ-ကျွန်းချောင်း မီးရထားလမ်းတည်ဆောက်စဉ် သိမ်းဆည်းခံခဲ့ရသည့် မြေယာများထဲမှ ၇၆ ဒသမ ၅၈ ဧကအတွက် တစ်ဧကလျှင် ကျပ် ၁၅ သိန်းဖြင့် လျော်ကြေးငွေပေးအပ်
Published 9 April 2018

ပခုက္ကူ-ကျွန်းချောင်း မီးရထားလမ်း တည်ဆောက်စဉ် သိမ်းဆည်းခံခဲ့ရသည့် မြေယာများထဲမှ ၇၆ ဒသမ ၅၈ ဧကအတွက် တစ်ဧကလျှင် ကျပ် ၁၅ သိန်းဖြင့် မြေသိမ်းဆည်းခံခဲ့ရသည့် ပခုက္ကူမြို့နယ်တွင်းမှ တောင်သူများအား ဧပြီ ၈ ရက်က လျော်ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူ-ကျွန်းချောင်း မီးရထားလမ်း တည်ဆောက်စဉ် မြေယာသိမ်းဆည်းခံခဲ့ရသည့် တောင်သူများမှာ လျော်ကြေးငွေမရရှိဘဲ မြေများသိမ်းဆည်းခံခဲ့ရသည့်အတွက် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုရာမှ ယခုကဲ့သို့ လျော်ကြေးငွေ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလျော်ကြေးပေးတဲ့ အပိုင်းကတော့ ပခုက္ကူ-ကြံခင်း မီးရထားလမ်းရဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ပခုက္ကူ-ကျွန်းချောင်းလမ်းပိုင်းမှာ မြန်မာ့မီးရထားက ရယူအသုံးပြုခဲ့တဲ့ မြေတွေအတွက် လျော်ကြေးပေးခြင်းဖြစ်ပါတယ်။ အဲဒီမှာ အခုပါတာက စုစုပေါင်း ကျေးရွာအုပ်စု ခြောက်စု ဒေသခံတောင်သူ ၉၆ ဦးရဲ့ ၇၆ ဒသမ ၅၈ ဧကအတွက်ဖြစ်ပါတယ်။ လျော်ကြေးပေးရာမှာလည်း ဒေသရဲ့ တစ်ဧက ၁၅ သိန်းသတ်မှတ်နှုန်းနဲ့ ကျပ် ၁၁၄၈၇၀၀၀၀ ကို လျော်ကြေးပေးခြင်းဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားတိုင်းအမှတ် (၁၀) မှ အင်ဂျင်နီယာမှူး ဦးကျော်လင်းက ပြောကြားသည်။

မြန်မာ့မီးရထား တိုင်းအမှတ် (၁၀) မှ အင်ဂျင်နီယာမှူး ဦးကျော်လင်းက ယခုပေးလျော်ခြင်းမှာ ပခုက္ကူ-ကြံခင်း မီးရထားလမ်းပိုင်း သိမ်းဆည်းမြေများအတွက် ဒုတိယအကြိမ် ပေးလျော်ခြင်းဖြစ်ကြောင်း၊ မြေယာလျော်ကြေးပေးအပ်ရန် ကျန်ရှိနေသေးကြောင်း၊ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေးငွေများတောင်းခံ၍ မြေသိမ်းဆည်းခံရသည့် တောင်သူများအား ဆက်လက်ပေးလျော်သွားမည်ဖြစ်ကြောင်း တက်ရောက်လာသူအား ပြောကြားသည်။

“မြေအသိမ်းခံရတာတော့ ၁၉၉၄-၉၅ လောက်ကပါ။ အခုလျော်ကြေးရတာကလည်း ရထားလမ်းအတွက် သိမ်းတဲ့မြေတွေပဲရသေးတယ်။ အဲဒီမြေတွေအတွက် ဒီနေ့မှလျော်ကြေးရတာပါ။ မြို့ရှောင်လမ်းဖောက်တာနဲ့ တက္ကသိုလ်အတွက် သိမ်းဆည်းထားတဲ့ မြေတွေအတွက် ယနေ့အထိ လျော်ကြေးမရသေးပါဘူး” ဟု မြင့်ချိုင့်ကျေးရွာမှ တောင်သူဦးမြမောင်က ပြောကြားသည်။

ပခုက္ကူ-ကြံခင်း မီးရထားလမ်းဖောက်လုပ်ရာတွင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေအများအပြား သိမ်းဆည်းခံခဲ့ရပြီး သိမ်းဆည်းစဉ်က လျော်ကြေးငွေမရရှိခဲ့သည့်အတွက် နစ်နာမှုများအား လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးကော်မရှင်ထံ တိုင်ကြားခဲ့ရကြောင်း သိရသည်။

ပခုက္ကူ-ကျွန်းချောင်း ရထားလမ်းပိုင်းအတွက် သိမ်းဆည်းခံရသည့် မြေယာများထဲမှ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ ၈၇ ဦး၏ မြေ ၉၆ ဒသမ ၃၅ ဧကအတွက် လျော်ကြေးငွေ ၁၄၄ ဒသမ ၅၂၅ သန်း ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ တောင်သူများမှာ ယခင်စစ်အစိုးရလက်ထက်တွင် စီမံကိန်းအမျိုးမျိုးကြောင့် မြေအများအပြား သိမ်းဆည်းခံခဲ့ရပြီး အချို့မြေများမှ လျော်ကြေးငွေ၊ အချို့မြေများမှာ မြေများပြန်လည်ရရှိခဲ့သော်လည်း အချို့မှာ လျော်ကြေးတစ်စုံတစ်ရာ မရရှိကြောင်း သိရသည်။

Most Read

Most Recent