စားသောက်ဆိုင်ဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်သည်ဟုဆိုသည့် ဆိုင်ရှင်အား တောင်ဥက္ကလာပမြို့နယ် တရားရုံး၌ စတင်တရားစွဲဆို

စားသောက်ဆိုင်ဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်သည်ဟုဆိုသည့် ဆိုင်ရှင်အား တောင်ဥက္ကလာပမြို့နယ် တရားရုံး၌ စတင်တရားစွဲဆို
Published 7 April 2018

စားသောက်ဆိုင်ဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသော ဆိုင်ရှင်ဖြစ်သူကို တောင်ဥက္ကလာပမြို့နယ် တရားရုံး၌  အမှုနံပါတ် ၂၄၅/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့် ဧပြီ ၆ ရက်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုကို ညနေ ၃ နာရီတွင် စတင်စစ်ဆေးခဲ့ပြီး ရုံးချိန်းတွင် စားသောက်ဆိုင်ဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်ခဲ့သည် ဟုဆိုသော ဆိုင်ရှင်ဖြစ်သူဘက်မှ လိုက်ပါကူညီ ဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေမှ တရားရုံးသို့ အာမခံလျှောက်ထားခဲ့ရာ တရားလိုဘက်မှ ကူညီဆောင်ရွက်သည့် ဥပဒေအရာရှိ ဖြစ်သူက ကန့်ကွက်ခဲ့ကြောင်း၊ ထို့နောက် မြို့နယ်တရားသူကြီးက ရုံးချိန်းအား ဧပြီ ၂၀ ရက်သို့ ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။

လာမည့် ဧပြီ ၂၀ ရက် ရုံးချိန်းတွင် အာမခံ လျှောက်ထားမှုနှင့် ပတ်သက်ပြီး နှစ်ဖက်လျှောက်လဲချက် ကြားနာကာ အာမခံပေးသင့်၊ မပေးသင့်အား အမိန့်ချသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၇ ရက် ညပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ မယ့်အိမ်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အောင်မျိုးထွဋ်ဆိုသူမှာ ၎င်း၏ဆိုင်၌ စားပွဲထိုးဝန်ထမ်း အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို အခန်းအတွင်းသို့ အနှိပ်ခံရန် ခေါ်ယူခဲ့ပြီး အခန်းထဲသို့ အရောက်တွင် စားပွဲထိုးဝန်ထမ်း အမျိုးသားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ မပြုလုပ်မီ မတ် ၅ ရက်နှင့် ၆ ရက်တို့တွင်လည်း ဆိုင်ရှင်အောင်မျိုးထွဋ် ဆိုသူက ၎င်း၏အခန်းအတွင်းသို့ စားပွဲထိုးဝန်ထမ်းအား ခေါ်ယူပြီး ဓမ္မတာနှင့် ဆန့်ကျင်သည့် ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဆိုင်ဝန်ထမ်း အမျိုးသားက သက်ဆိုင်ရာ ရဲစခန်းသို့ မတ် ၉ ရက်တွင် သွားရောက်တိုင်တန်းခဲ့ပြီး တောင်ဥက္ကလာပမြို့မ ရဲစခန်းက (ပ) ၃၃၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ကာ အောင်မျိုးထွဋ် ဆိုသူကို ယင်းနေ့တွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

အဆိုပါအမှုကို ရမန်ကြီး နှစ်ပတ်ယူပြီးနောက် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ တရားလိုဘက်မှ တရားလိုပြသက်သေ ခုနစ်ဦး တရားရုံးသို့ တင်ထားကြောင်း သိရသည်။

 

Most Read

Most Recent