ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သုံးလအတွင်း သေဆုံးသူ ၁၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀၀ နီးပါးရှိ

ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သုံးလအတွင်း သေဆုံးသူ ၁၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀၀ နီးပါးရှိ
Published 7 April 2018

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သုံးလအတွင်း သေဆုံးသူ ၁၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၉၀၀နီးပါး ရှိကြောင်း ဧပြီ ၆ ရက်က ယာဉ်ထိန်းရဲတပ်ဖွဲ့ စုံစမ်းသိရသည်။

ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၂၂၇ မှုဖြစ်ပွားခဲ့ပြီး ၅၀ သေဆုံးကာ ၃၀၀ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ၂၁၃ မှုဖြစ်ပွား ခဲ့ပြီး ၄၄ ဦးသေဆုံးကာ ၂၇၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ ပြီးခဲ့သည့် မတ်လတွင် ယာဉ်မတော်တဆမှု ၂၇၅ မှုဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ၃၂၂ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်သုံးလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၇၁၅ မှုဖြစ်ပွားခဲ့သည့်အနက် ၁၄၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယာဉ်မတော်တဆမှုများကြောင့် သာမန်ဒဏ်ရာနှင့် အပြင်းအထန်ဒဏ်ရာ ရရှိသူမှာ သုံးလအတွင်း ၈၉၆ ဦးအထိရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ် ကျီးကန်းသိုက်ကျေးရွာဘက်မှ ရန်ကုန် -ပဲခူးလမ်းဘက်သို့ ယာဉ်မောင်း မောင်နိုင် မောင်းနှင်လာသည့် 4F/----- ဟီးနိုးထရပ် အငှားယာဉ်သည် ရန်ကုန်-ပဲခူး လမ်းဆုံအနီး အရောက် ယာဘက်လဂွင်းပြင်ချောင်း အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော အသက်(၂၂)အရွယ်ရှိ အုတ်တင်အုတ်ချလုပ်သား အမျိုးသမီး တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့မှာ ပြင်ပဒဏ်ရာများ မရှိဘဲ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကြို့ပင်ကောက် မြို့နယ်တွင် နေထိုင်သော အုတ်တင် အုတ်ချလုပ်သား အမျိုးသား တစ်ဦးမှာ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာများ ရရှိ၍ လှည်းကူးဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သောယာဉ်အား မောင်းနှင်ခဲ့သည့် ယာဉ်မောင်း မောင်နိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ကိုထား၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း  သိရသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်အား မဆင်မခြင် မောင်းနှင်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ယာဉ်မောင်းဖြစ်သူကို လှည်းကူးမြို့မ ရဲစခန်းတွင် ယာဉ် (ပ) ၄၁/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၂၇၉၊ ၂၀၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံပြီးနောက် ဒုတိယ ယာဉ်မတော်တဆမှု အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

မတော်တဆမှု ဖြစ်စဉ်များတွင် အများဆုံးဖြစ်ပွားသည့် ဖြစ်စဉ်များမှာ ယာဉ်မောင်း အိပ်ငိုက်ရာမှ ဖြစ်ပွားခြင်း၊ အရှိန်လွန်မောင်းနှင်ရာမှ ဖြစ်ပွားခြင်း စသည့်အခြေအနေများကြောင့် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

 

Most Read

Most Recent