Ready Player One က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာ

Ready Player One က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာ
Published 3 April 2018

Photo: AP

၁၉၈၀ ပြည့်လွန်နှစ်များက ရုပ်ရှင်များကို အဆင့်မြင့်မြင့်ဂါရဝပြုထားသည့် စတီဖင်စပီးဘတ်၏ Ready Player One ရုပ်ရှင်သည် အီစတာသီတင်းပတ်ကုန်ရက်အတွင်းက မြောက်အမေရိကဒေသ၏ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာခဲ့သည်။

၂၀၄၅ ခုနှစ် ခေတ်ကာလကို နောက်ခံထားပြီး စွဲလမ်းစရာကောင်းသော VR ဂိမ်းထဲသို့ရောက်နေသည့် ဆယ်ကျော်သက် ယောကျ်ားလေးတစ်ဦး၏ အကြောင်းဖြစ်သော Ready Player One သည် ပထမဆုံးပွဲဦးထွက်ပြသသည့် သီတင်းပတ်ကုန်ရက်အတွင်း ဒေါ်လာ ၅၃ ဒသမ ၂ သန်း ရရှိခဲ့သည်။ ယင်းရုပ်ရှင်သည် ပြည်ပနိုင်ငံ ၆၂ နိုင်ငံ၌ ပြသရာတွင် ဒေါ်လာ ၁၂၈ သန်းအထိ ရရှိထားသည်။

ထိုရုပ်ရှင်၏ အဓိကဇာတ်ကောင်ဖြစ်သော ဆယ်ကျော်သက် Gamer Wade Watts နေရာတွင် တိုင်ရှာရီဒန်က ပါဝင်သရုပ်ဆောင်ထားပြီး အိုလီဗီယာကွန်ကီ၊ ဘန်မန်ဒယ်ဆန်၊ တီဂျေမီလာ၊ ဆီမွန်ပိ၊ မိုရီဆာကီဝင်းတို့လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။

ရုပ်ရှင်ထဲတွင် Wade Watts သည် Freddy Krueger ကဲ့သို့ ၁၉၈၀ ပြည့်လွန်နှစ်များက နာမည်ကြီးရုပ်ရှင်ဇာတ်ကောင်များနှင့် ရင်ဆိုင်ရပုံများကို ထည့်သွင်းရိုက်ကူးထားသည့်အတွက် ရုပ်ရှင်ဝေဖန်သူများက Ready Player One သည် စပီးဘတ်၏ ရုပ်ရှင်အတ္ထုပ္ပတ္တိသမိုင်းတစ်ခုဖြစ်သည်ဟု သုံးသပ်ထားကြသည်။ စပီးဘတ်သည် E.T၊ Jaws အစရှိသောအောင်မြင်သော ရုပ်ရှင်များစွာအား ရိုက်ကူးထားခဲ့သူဖြစ်သည်။

စာရင်း၏ ဒုတိယနေရာ၌ရှိနေသည်မှာ Lionsgate မှထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားသစ် Acrimony ဖြစ်ပြီး တယ်ရီပယ်ရီက ရိုက်ကူးထားခြင်းဖြစ်သည်။ သစ္စာဖောက်ခံရသည့် ဇနီးတစ်ယောက်၏ ဇာတ်ကြောင်းကို အခြေတည်ထားသည့် လျှို့ဝှက်သည်းဖိုရုပ်ရှင်သည် ပထမဆုံးစတင်ပြသသည့် သီတင်းပတ်ကုန်ရက်အတွင်း ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၁ သန်းရရှိခဲ့သည်။

Most Read

Most Recent