နေပြည်တော်အပါအဝင် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် လမ်း၊ တံတားအချို့ ပျက်စီး

နေပြည်တော်အပါအဝင် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် လမ်း၊ တံတားအချို့ ပျက်စီး
Published 11 September 2024
  • နေပြည်တော်အပါအဝင် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် လမ်း၊ တံတားအချို့ ပျက်စီး
  •  
  • ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိဟုဆို
  •  

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် လမ်း၊ တံတား အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများအဆက်မပြတ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ်တွင် ယနေ့(စက်တင်ဘာ ၁၁ ရက်)နံနက်ပိုင်းမှ စတင်၍ ရေများ မြင့်တက်လာခဲ့မှုကြောင့် ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ တံတားအချို့ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အလားတူ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်နှင့် ပုပ္ဗသီရိမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခြင်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း တစ်လျှောက် ရေကျော်မှုများ ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။

လက်ရှိတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် နေပြည်ကောင်ကောင်စီနယ်မြေအတွင်း ကျေးရွာများတွင် ပိတ်မိနေသော ရဟန်းသံဃာများနှင့် ဒေသခံပြည်သူများ၏ အကူအညီတောင်းခံနေမှုများသည်လည်း ယနေ့(စက်တင်ဘာ ၁၁ ရက်) ညပိုင်းအထိ ရှိနေကြောင်းလည်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူနှင့် တိရိစ္ဆာန်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ မြို့နယ်၊ ရပ်ကွက်များနှင့် ကျေးရွာများအလိုက် တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း ရေကျော်မှုဖြစ်ပွားခဲ့ပြီး ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်းပြသရန်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၇)ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကဒတ်ချောင်းရေ မြင့်တက်လာကာ ကျိုက်ထိုမြို့၊ ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

ထို့အပြင် ပျော်ဘွယ်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပျော်ဘွယ်မြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထား သံလမ်း မိုင်တိုင်အမှတ်(၂၈၅/၅ နှင့် ၂၈၅/၉)အကြား၊ အမှတ်(၁)သံလမ်းပေါ်ရှိ သံဘောင်တံတား ထောက်တိုင်မှာ ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားသဖြင့် မီးရထား လိုင်းများပြေးဆွဲခြင်းကို ယာယီရပ်နားထားကြောင်းနှင့် မီးရထားများပုံမှန် ပြေးဆွဲနိုင်ရန်အတွက် သံဘောင်တံတားအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အခြေခံပညာ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရကြောင်း သိရသည်။

ထိုသို့ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် နေရာများသို့ ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက ကူညီကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ချောင်းများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်း ဧရိယာများနှင့် ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်နိုင်ရေး အသိပေးနှိုးဆော်တိုက်တွန်းထားကြောင်း သိရသည်။

Most Read

Most Recent