ဆန်ချိုအား ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း ပစ်မှတ်ထားနေပြီး မန်ယူတာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟု အီတလီမီဒီယာများ ဖော်ပြ

ဆန်ချိုအား ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း ပစ်မှတ်ထားနေပြီး မန်ယူတာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟု အီတလီမီဒီယာများ ဖော်ပြ
Photo: X
Photo: X
Published 26 August 2024

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်း၏ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ရန် မန်ယူအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဆန်ချိုသည် မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ပါဝင်ခွင့်ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲကစားခဲ့ရာတွင်မူ မန်ယူအသင်း၏ အရန်လူစာရင်း၌ပင် ပါဝင်လာခြင်းမရှိခဲ့ချေ။

သို့သော် အသေးစားဒဏ်ရာ ပြဿနာရှိသောကြောင့် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များကို ဆန်ချိုအနေဖြင့် ပါဝင်ခွင့်မရရှိခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဆန်ချိုသည် ပြီးခဲ့သည့် ၂၀၂၄ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း နည်းပြ တန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်ခဲ့ပြီး ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းတွင် အငှားသွားရောက်ကစားခဲ့သူဖြစ်သည်။

ယခုအချိန်တွင် တန်ဟက်ဂ်နှင့် ဆက်ဆံရေး ပြန်လည်ပြေလည်ခဲ့ပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး မန်ယူအသင်း၏ ပရီးမီးယားလိဂ်လူစာရင်းတွင်လည်း ဆန်ချိုအနေဖြင့် ပြန်လည်ပါဝင်လာခဲ့သည်။

သို့သော် ၎င်း၏အခြေအနေအား ဂျူဗင်တပ်စ်အသင်းအပြင် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကလည်း စောင့်ကြည့်နေကြောင်း သိရှိရသည်။

အီတလီနာမည်ကြီးဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဖာဘရီဇီယိုရိုမာနို၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ၎င်းတို့နှင့် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် တောင်ပံတိုက်စစ်ကစားသမား ခီယေဆာ၏နေရာတွင် ဆန်ချိုဖြင့် အစားထိုးလိုနေပြီး လက်ရှိအချိန်တွင်လည်း ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဆန်ချိုကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တစ်သင်းပင်ဖြစ်သည့် ချယ်လ်ဆီးအသင်းကလည်း ဆန်ချို၏ အခြေအနေကို စောင့်ကြည့်နေကြောင်း သတင်းများထွက်နေသည်။

ဆန်ချိုသည် မန်ယူအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၃)ပွဲ ကစားခွင့်ရပြီး (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

သို့သော် ၎င်းအနေဖြင့် ပြီးခဲ့သည့်ရာသီအတွင်း ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်။

ဆန်ချိုသည် မန်ယူအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၂၅၀၀၀၀)ဝန်းကျင်ရရှိနေသူဖြစ်သည်။

Most Read

Most Recent