မန်စီးတီးအသင်းတွင် ဒီဘရိုင်းနား ဆက်ရှိနေမည်ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာ အတည်ပြု

မန်စီးတီးအသင်းတွင် ဒီဘရိုင်းနား ဆက်ရှိနေမည်ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာ အတည်ပြု
Photo: The Independent
Photo: The Independent
Published 24 July 2024

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆော်ဒီပရိုလိဂ်နှင့် သတင်းများထွက်နေသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဒီဘရိုင်းနားသည် ပြီးခဲ့သည့်ရက်ပိုင်းက ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းများက ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် သတင်းအမှားများသာ ဖြစ်ကြောင်း ပြန်လည်ရေးသားခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဘယ်လ်ဂျီယံအသင်းနှင့် ယူရိုပြိုင်ပွဲမယှဉ်ပြိုင်မီ အင်တာဗျူးတစ်ခုတွင် မယုံနိုင်စရာကောင်းသည့် ငွေကြေးရနိုင်ခြေကြောင့် ဆော်ဒီပရိုလိဂ်မှ ကမ်းလှမ်းမှုတစ်ခုကို လက်ခံစဉ်းစားရလိမ့်မည်ဟုလည်း ဖွင့်ဟထားခဲ့သည်။ 

သို့သော် ယင်းအခြေ အနေနှင့်ပတ်သက်ပြီး နည်းပြ ဂွါဒီယိုလာက စိုးရိမ်ပူပန်ခြင်းမရှိဘဲ  အသင်းမှာ ဆက်နေမည်ဟု အာမခံချက်ပေးခဲ့သည်။ "ကယ်ဗင်(ဒီဘရိုင်းနား) အသင်းက မထွက်ပါဘူး။ ကစားသမားတစ်ယောက် အသင်းက ထွက်ခွာမယ်ဆိုရင် ကျွန်တော်တို့ အဲဒီအကြောင်း ဆွေးနွေးရပါတယ်။  တကယ်တော့ ကျွန်တော်တို့ အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ အခွင့်အရေးရှိပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူဖို့ အခွင့်အရေး ရှိနေတယ်ဆိုတာ ကျွန်တော် မငြင်းပါဘူး။ ဒါပေမဲ့ လက်ရှိလူစာရင်းရဲ့ ၈၅၊ ၉၀၊ ၉၅ ရာခိုင်နှုန်းလောက် အသင်းမှာ ဆက်ရှိမယ်လို့ ကျွန်တော် တွေးထားပါတယ်။ ကျွန်တော်ကတော့ သက်သောင့်သက်သာ ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့အသင်းလူစာရင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့အရည်အသွေးက အစားထိုးဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ဆိုင်းရလိမ့်မယ်။ ကစားသမားတချို့ အသင်းက ထွက်ခွာတာမျိုးဖြစ်ခဲ့ရင် နောက်ဆုံးအခိုက်အတန့်ကိုတော့ မသိပါဘူး။ သူတို့ ထွက်ခွာရင် ဆုံးဖြတ်ရတာတွေ ရှိလာနိုင်ပါတယ်"ဟု အမေရိကသို့ ရာသီကြိုခြေစမ်းခရီးစဉ်ရောက်ရှိနေသည့် ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား အက်ဇီကို ခေါ်ယူဖွယ်ရှိနေကြောင်း သတင်းထွက်နေပြီး ဂိုးသမား အီဒါဆန်မှာလည်း ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။

Most Read

Most Recent