တင်းမာမှုများကို လျှော့ချရန် အမေရိကန်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးများ ဖုန်းဆက်သွယ်ပြောဆို

တင်းမာမှုများကို လျှော့ချရန် အမေရိကန်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးများ ဖုန်းဆက်သွယ်ပြောဆို
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်(Photo: AFP)
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်(Photo: AFP)
Published 13 July 2024

ရုရှားနှင့် အမေရိကန်အကြား တင်းမာမှုများမြင့်တက်လာနိုင်ခြေရှိသည့် အန္တရာယ်ကို လျှော့ချရန် ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေဘယ်လူဆော့ဗ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွိုက်အော်စတင်တို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဂျာမနီတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားရန် အမေရိကန်၏အစီအစဉ်နှင့်ပတ်သက်ပြီး ရုရှားနှင့် အမေရိကန်အကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ရုရှားဘက်မှ စတင်ခေါ်ဆိုခဲ့သည့် ထိုဖုန်းဆက် သွယ်ပြောဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရုရှားကမူ အမေရိကန်၏ အစီအစဉ်သည် စစ်အေးကာလပုံစံ ထိပ်တိုက်တွေ့မှု အခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်ကြောင်း သတိပေးခဲ့သည်။

လုံခြုံရေးခြိမ်းခြောက်မှုတွေကို ဟန့်တားရန်နှင့် တင်းမာမှုများပိုမိုမြင့်တက်လာနိုင်ခြေရှိသည့် အန္တရာယ်ကို လျှော့ချရန် ဆွေးနွေးခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လက်ထောက်သတင်းပြန်ကြားရေးအရာရှိ ဆက်ဘရီနာ ဆင်းကလည်း အော်စတင်သည် ဖုန်းပြောဆိုမှုအတွင်း ဆက်သွယ်ရေးလိုင်းများ ဆက်လက်ထိန်းသိမ်းထားမှု၏ အ ရေးကြီးပုံကိုအလေးထားပြောဆိုခဲ့သည်ဟု ဆိုသည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တင်းမာမှုများ ရှိနေသည့်တိုင် နှစ်နိုင်ငံအကြားဖုန်းဆက်သွယ်ပြောဆိုမှုများ မကြာခဏပြုလုပ်ခဲ့ပြီး ယခုအကြိမ်မတိုင်မီ ဇွန်လကုန်ပိုင်းက နောက်ဆုံးအကြိမ် ဖုန်းဆက်သွယ်ပြောဆိုမှု ရှိခဲ့သည်။

နေတိုးအစည်းအဝေးအတွင်း ဇူလိုင် ၁၀ ရက်တွင် အိမ်ဖြူတော်က ဂျာမနီတွင် အ ခြိမ်းအခြောက် အဟန့်အတားတစ်ခုအဖြစ် Tomahawk ခရုဇ်ဒုံးကျည်များအပါအဝင် တာဝေးပစ်လက်နက်များကို ဖြန့်ကြက်ချထားမည်ဟု ကြေညာခဲ့သည်။

ရုရှားကမူ ထိုအစီအစဉ်ကို ဝေဖန်ခဲ့ပြီး အမေရိကန်သည် စစ်အေးတိုက်ပွဲအသစ်တစ်ခု ဖော်ဆောင်နေခြင်းဖြစ်ပြီး ယူကရိန်းစစ်ပွဲတွင် တိုက်ရိုက်ပါဝင်နေကြောင်း စွပ်စွဲခဲ့သည်။

ဇူလိုင် ၁၁ ရက်ကလည်း ယူူကရိန်းက  ရုရှားနိုင်ငံထဲမှ ပစ်မှတ်များကို တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းကို ပိတ်ပင်ထားခြင်းအားဖွင့်ပေးရန် နေတိုးမဟာမိတ်နိုင်ငံများကို တောင်းဆိုခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းကို ထောက်ခံသည့် ကြေညာချက်ကို ၀ါရှင် တန်တွင်ပြုလုပ်သည့်အစည်းအဝေး၌ ကြေညာခဲ့သည်။ ဇူလိုင် ၁၀ ရက်ကြေညာချက်၌ ယူကရိန်းကို နောက်ထပ်အကူအညီများပေးမည်ဟု ကတိပြုခဲ့ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် နောက်ကြောင်းမပြန်နိုင်သော လမ်းကြောင်းကို ထောက်ခံကြောင်းဖော်ပြထားသည်။

ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ၎င်းတို့ပေးထားသော လက်နက်များကို အသုံးပြုနိုင်သည်ဟု နိုင်ငံအချို့က ခွင့်ပြုထားသော်လည်း အမေရိကန်ကမူ ရုရှားနယ်စပ်၌ ယူကရိန်းစစ်ဆင်ရေးလုပ်နေသော ရုရှား၏စစ်ရေးနေရာများကိုသာ တာဝေးပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ရန်ခွင့်ပြုပေးထားသည်။အမေရိကန်က အမေရိကန်လက်နက်များကို ရုရှားနယ်စပ်အတွင်း၌သာ ကန့်သတ်အသုံးပြုရန် ဇယ်လန်းစကီးကို ခွင့်ပြု ပေးသည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။                  

Ref: AFP

Most Read

Most Recent