ပြန်လည်ပေါင်းစည်းရေးနှင့် အပြန်အလှန်နားလည်မှုကို တည်ဆောက်ရန် တရုတ်နှင့် လက်တွဲလုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

ပြန်လည်ပေါင်းစည်းရေးနှင့် အပြန်အလှန်နားလည်မှုကို တည်ဆောက်ရန် တရုတ်နှင့် လက်တွဲလုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
မေ ၂၃ ရက်က တောင်ယွမ်မြို့ရှိ စစ်စခန်းတစ်ခုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အမှာစကားပြောကြား နေသည့် ထိုင်ဝမ်သမ္မတလိုင်ချင်တယ်ကို တွေ့ရစဉ်
မေ ၂၃ ရက်က တောင်ယွမ်မြို့ရှိ စစ်စခန်းတစ်ခုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အမှာစကားပြောကြား နေသည့် ထိုင်ဝမ်သမ္မတလိုင်ချင်တယ်ကို တွေ့ရစဉ်
Published 27 May 2024

ပြည်လည်ပေါင်းစည်းရေးနှင့် အပြန်အလှန်နားလည်မှုကို တည်ဆောက်ရန် တရုတ် နှင့် လက်တွဲလုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

လိုင်၏ သမ္မတကျမ်းကျိန်ပွဲမိန့်ခွန်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က ထိုင်ဝမ် ကျွန်းအနီးတွင် စစ်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် လိုင်က ယ ခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လိုင်သည် မေ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် အဖြစ်ကြေညာထားပြီး လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည့် တရုတ်သည် လိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး သုံးရက်အကြာတွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မေ ၂၃ ရက်နှင့် မေ ၂၄ ရက်တွင် တရုတ်၏ တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည်  ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှု များသည် ထိုင်ဝမ်ကို သိမ်းယူရန် လေ့ကျင့်ခြင်းဖြစ်သည်ဟု တရုတ်စစ်ရေးလေ့လာသူများက ပြောကြားခဲ့သည်။

Joint Sword-2024 A ဟု အမည်ဝှက် ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို တရုတ်က နှစ်ရက်ကြာ ပြုလုပ်ခဲဲ့့ ခြင်းဖြစ်သည်။

မေ ၂၀ ရက်က လိုင်သည် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းအတွင်း ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း အလေးထားပြောဆိုခဲ့သည်။

လိုင်သည် တိုင်နန်မြို့တွင် ၎င်း၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) နှင့်အတူ ပြုလုပ်သည့် ပွဲအခမ်း အနားတစ်ခုတွင် ဒေသတွင်းလုံခြုံရေးအတွက် ထိုင်ဝမ်နှင့်အတူ အရေးကြီးသည့် တာဝန်များကို ပူးပေါင်းထမ်း ဆောင်ရန် တရုတ်ကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

“တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဖလှယ်မှုတွေကတစ်ဆင့် ပြန်လည်ပေါင်းစည်းရေးနဲ့ အပြန်အလှန် နားလည်မှုကို တည်ဆောက်ဖို့၊ ငြိမ်းချမ်းရေးရပ်တည်ချက်နဲ့ ဆက်လက်လျှောက်လှမ်းဖို့နဲ့ နှစ်ဦးနှစ်ဖက် ချမ်း သာကြွယ်ဝရေးတို့ကို ကျွန်တော်မျှော်မှန်းထားပါတယ်”ဟု လိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် ဂယက်ရိုက်ခတ်စေပြီး ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်အောင်လုပ်ဆောင်သည့် မည်သည့်နိုင်ငံကိုမဆို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံလိမ့်မည်မဟုတ်ကြောင်း လိုင်က ထပ်လောင်း ပြောကြားခဲ့သည်။

ယခင်သမ္မတ ဆန်အင်ဝမ် စတင်ရုံးထိုင်ခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက ပြတ်တောက်ခဲ့သည့် တရုတ်နှင့် ဆက်သွယ်မှုများကို ပြန်လည်စတင်ရန် လိုင်သည် ကျမ်းသစ္စာမကျိန်ဆိုမီက ချဉ်းကပ်ဆောင်ရွက်ခဲ့သည်။

လိုင်ကဲ့သို့ပင် ဆန်သည်လည်း DPP ပါတီမှဖြစ်ပြီး ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်သည့် ရပ်တည်ချက်ကို ဆုပ်ကိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် တရုတ်က တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်တွင် နေ့စဉ်နီးပါး စစ်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်သင်္ဘောများကို စေလွှတ်ခဲ့ပြီး စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့သည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများပြီးဆုံးခဲ့ပြီးနောက် နှစ်ရက်အကြာဖြစ်သည့် မေ ၂၆ ရက်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း  ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ် ခုနစ်စင်း ၊ရေတပ်သင်္ဘော ၁၄ စင်းနှင့် ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောလေးစင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။                       

Ref:AFP

Most Read

Most Recent