နျူကလီးယားစွမ်းဆောင်ရည်များကို မြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တိုက်တွန်း

နျူကလီးယားစွမ်းဆောင်ရည်များကို မြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တိုက်တွန်း
Published 13 September 2024

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များထံမှ မြင့်တက်လာသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံ၏ နျူကလီးယားစွမ်းဆောင်ရည်များကို မြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက် ရေပြင်များအတွင်းသို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကင်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုများသည် ဇူလိုင်လအစောပိုင်းကတည်းက ပထမဆုံးအကြိမ် အကြီးစားလက်နက် စမ်းသပ်မှုဖြစ်ကြောင်းတောင်ကိုရီးယားက ပြောကြားခဲ့သည်။

ကင်သည် နျူကလီးယားလက်နက်ဌာနနှင့် လက်နက်အဖြစ် အသုံးနိုင်သည့် နျူကလီးယားကုန်ကြမ်း ပစ္စည်းများထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိုခရီးစဉ်အတွင်းကင်က နျူကလီးယား သိပ္ပံပညာရှင်များနှင့်တွေ့ဆုံခဲ့ရာတွင် ခိုင်မာသည့် စိတ်ဆန္ဒများ၊ မြင့်မားသည့် စွမ်းဆောင်ရည်များနှင့်အတူ တစ်လက်မျှ အတိမ်းအစောင်းမရှိသည့် နျူကလီးယားအင်အားကို ထူထောင်နေသည့် ပါတီ၏ မူဝါဒကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် လုံးဝအလျှော့ပေးလို့မရသည့် နောက်ဆုံးစည်းကို ကျော်လာခဲ့ပြီဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားအနေဖြင့် မိမိတို့ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး နျူကလီးယားတပ်ဖွဲ့နှင့်အတူ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ရမည်ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒါဇင်နှင့်ချီသည့် လက်နက်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး ထိုလက်နက်စမ်းသပ်မှုများသည် ယူကရိန်းစစ်ပွဲအတွင်း ၎င်း၏ မဟာမိတ်ဖြစ်သည့် ရုရှားကို လက်နက်များတရားမဝင် ထောက်ပံ့ပေးနေမှုနှင့် ဆက်နွှယ်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ယူဆခဲ့ကြ သည်။

မြောက်ကိုရီးယားကမူ ဒဏ်ခတ်ပိတ်ဆို့ မှုများကို ချိုးဖောက်ကာ ရုရှားနှင့် စစ်လက်နက်ကုန်သွယ်မှု လုပ်ဆောင်နေသည်ဆိုခြင်းကို ငြင်းဆန်ထားသည်။ သို့သော် သံခင်းတမန်ခင်း ဆက်ဆံမှုများ ရပ်တန့်သွားပြီးနောက် တောင်ကိုရီးယားသည် မိမိတို့၏ အဓိက ရန်သူဖြစ်ကြောင်း မြောက်ကိုရီးယားက ယခုနှစ်ထဲတွင် ကြေညာခဲ့သည်။

စက်တင်ဘာ ၁၂ ရက် နံနက်အစောပိုင်းက ပြုံယမ်းမြို့ဆီမှ အရှေ့ပင်လယ်(ဂျပန်ပင်လယ်)ထဲသို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိရကြောင်း တောင်ကိုရီးယား ပူးတွဲစစ် ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားသည်။

အဆိုပါ  ဒုံးကျည်များသည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၃၆၀ ခန့် ပျံသန်းခဲ့ပြီးနောက် ရေပြင်ထဲသို့ ကျရောက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းဒုံးကျည်ပစ်လွှတ်မှုကို ချက်ချင်းထောက်လှမ်းသိရှိကာ ခြေရာခံ စောင့်ကြည့်လျက် မဟာမိတ်နိုင်ငံများဖြစ် သည့် ဂျပန်နှင့် အမေရိကန်တို့အား အသိပေးခဲ့ကြောင်း JCS က ဆိုသည်။

ယင်းလက်နက်စမ်းသပ်မှုသည် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းမှုကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် ထင်ရှားသော ရန်စမှုဖြစ်ကြောင်း JCS က ပြောသည်။

မြောက်ကိုရီးယားက ၎င်းတို့၏ တောင်ပိုင်းနယ်စပ်သို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ ၂၅၀ ကို ဖြန့်ကြက်ခဲ့သည်ဟုလည်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

Ref:AFP

                            

Most Read

Most Recent