ဟုမ္မလင်းမြို့နယ်အတွင်း မြေထောက်ပဲ စတင်ရိတ်သိမ်းနေပြီး အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးမည်ကို ပဲစိုက်တောင်သူများ စိုးရိမ်နေ

ဟုမ္မလင်းမြို့နယ်အတွင်း မြေထောက်ပဲ စတင်ရိတ်သိမ်းနေပြီး အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးမည်ကို ပဲစိုက်တောင်သူများ စိုးရိမ်နေ
Published 19 March 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း မြေထောက်ပဲများ စတင်ရိတ်သိမ်းနေပြီး အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးမည်ကို ပဲစိုက်တောင်သူများ စိုးရိမ်နေကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း အချိန်ခါမဲ့ မိုးရွာသွန်းနေသည်မှာ သုံးရက်ခန့်ရှိလာပြီး မြေထောက်ပဲများ စတင်ရိတ်သိမ်းချိန်ဖြစ်သောကြောင့် ပျက်စီးမည်ကို စိုးရိမ်နေရကြောင်း ဟုမ္မလင်းမြို့နယ် မြင်သာကျေးရွာမှ တောင်သူ ဦးမြင့်ကို၏ ပြောကြားချက်အရ သိရသည်။

“မိုးမိရင် တစ်ရက် နှစ်ရက်ရွာတာတော့ ဘာမှမဖြစ်ပေမဲ့ ရက်ရှည်လာရင် အရောင်ပြောင်းသွားတာတို့ အညှောင့်ပေါက်လာတာတို့ဖြစ်ပြီး ပျက်စီးတတ်တယ်။ လေးငါးရက်လောက် ဆက်ရွာရင်တော့ သေချာပေါက်ပျက်တော့တာပဲ။ အခုလည်း အရမ်းကြီးမသည်းပေမဲ့ မိုးဖွဲရွာလိုက် ရပ်လိုက် ပြန်ရွာလိုက်နဲ့ ရွာနေတာ သုံးရက်ရှိပြီ။ နုတ်နေတဲ့အချိန်မှာ အခုလိုမိုးဆက်တိုက်ရွာနေတော့ ပျက်မှာစိုးရိမ်နေကြတယ်။ ဒီမှာက သာမန်တောင်သူတွေပဲဆိုတော့ တလင်းတဲတွေလောက်ပဲ လုပ်ထားကြပြီး သိုလှောင်ထားစရာ အဆောက်အအုံလည်း မရှိဘူး” ဟု တောင်သူ ဦးမြင့်ကိုက ပြောကြားသည်။

လက်ရှိတွင် မြေထောက်ပဲတစ်တင်းလျှင် ကျပ် ၂၈၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ပြုနေကြပြီး ယခုနှစ်တွင် မြေထောက်ပဲအထွက်နှုန်း လျော့နည်းကြောင်း ဦးမြင့်ကိုက ဆက်လက်ပြောကြားသည်။

“ဈေးကတော့ မုံရွာဈေးပေါ့။ မုံရွာက ပွဲစားတွေလာဝယ်ကြတာ ဒီနှစ်တော့ မြေထောက်ပဲတစ်တင်းကို ကျပ် ၂၈၀၀၀ လောက်ရတော့ မဆိုးဘူးပြောရမှာပေါ့။ မြေထောက်ပဲက ဈေးတက်လွယ်ကျလွယ်တော့ ဈေးတော့သိပ်မငြိမ်ဘူး။ ဒီဘက်မှာတော့ မြေထောက်ပဲကိုပဲ အဓိကစီးပွားစိုက်ကြတာလေ။ အထွက်နှုန်းကတော့ ဒီနှစ်သိပ်မကောင်းဘူး။ ရေခဏခဏကြီးတော့ နုန်းတွေတင်နေပြီး လွယ်လွယ်နဲ့မခြောက်တော့ စိုက်ချိန်နောက်ကျပြီး မအောင်ဘူးပြောရမှာပေါ့။ တစ်ဧကကို တင်း ၂၀ ကျော်ထွက်တဲ့လူရှိသလို လေးငါးတင်းပဲ ထွက်တဲ့လူလည်းရှိတယ်။ ထွက်နှုန်းမကောင်းပေမယ့် ဈေးနှုန်းသိပ်မဆိုးတော့ ရသလောက် လေးရောင်းရရင် အဆင်ပြေမှာပေါ့” ဟု ဦးမြင့်ကိုက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်အတွင်း မြေထောက်ပဲ စိုက်ဧကပေါင်း ၈၀၀၀ ခန့်ရှိပြီး အခြားသီးနှံများကိုလည်း ရောနှောစိုက်ပျိုးလေ့ရှိကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

Most Read

Most Recent