ကွန်တင်တာရန်တီနို၏ ဇာတ်ကားသစ်တွင် လီယိုနာဒိုဒီကာပရီယိုနှင့် ဘရက်ပစ် ပါဝင်မည်

ကွန်တင်တာရန်တီနို၏ ဇာတ်ကားသစ်တွင် လီယိုနာဒိုဒီကာပရီယိုနှင့် ဘရက်ပစ် ပါဝင်မည်
Published 2 March 2018

ဒါရိုက်တာ ကွန်တင်တာရန်တီနို ရိုက်ကူးမည့် Once Upon a Time in Hollywood ဇာတ်ကားတွင် နာမည်ကြီး ဟောလိဝုဒ်အမျိုးသားသရုပ်ဆောင် နှစ်ဦးဖြစ်သည့် လီယိုနာဒိုဒီကာပရီယိုနှင့် ဘရက်ပစ်တို့ ပူးတွဲသရုပ်ဆောင်မည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် ချားစ်မန်ဆန်လူသတ်မှုများဖြစ်ပွားခဲ့သည့် ၁၉၆၉ ခုနှစ်ကာလကို ဇာတ်အိမ်ပြုရိုက်ကူးမည့် ယင်းဇာတ်ကားကို ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင်ဖြန့်ချိမည်ဟု ဆိုနီရုပ်ရှင်လုပ်ငန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဇာတ်ကားတွင် လီယိုနာဒိုဒီကာပရီယိုက ရုပ်သံဇာတ်လမ်းတွဲ၏ သရုပ်ဆောင်ဟောင်းအဖြစ် ပါဝင်မည်ဖြစ်ပြီး ဘရက်ပစ်က စတန့်ဇာတ်ဝင်ခန်းများတွင် အစားထိုးသရုပ်ဆောင်ရသည့် စတန့်မင်းသားအဖြစ်ပါဝင်မည်ဟု တာရန်တီနိုက ပြောကြားခဲ့သည်။

“လီယိုနာဒိုနဲ့ ဘရက်ပစ်က ဟောလိဝုဒ်မှာ အောင်မြင်တဲ့သူတွေဖြစ်အောင် ကြိုးစားရုန်းကန်နေရတဲ့ ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်မှာပါ။ ဒီဇာတ်ကားမှာ ရစ် (လီယိုနာဒို) က နာမည်ကြီးအမျိုးသမီးသရုပ်ဆောင် ရှရွန်တိတ်ရဲ့ အိမ်နီးချင်းတစ်ဦးအဖြစ် ပါဝင်မှာပါ” ဟု ဆိုနီက ထုတ်ပြန်ခဲ့သည်။

ဒါရိုက်တာ ရိုမန်ပိုလန်စကီး၏ ဇနီးဖြစ်သူ သရုပ်ဆောင် ရှရွန်တိတ်သည် ၁၉၆၉ ခုနှစ်တွင် အမေရိကန်၏နာမည်ဆိုးဖြင့် အကျော်ကြားဆုံးရာဇဝတ်သားဖြစ်သည့် ချားစ်မန်ဆန်၏တပည့်များက သတ်ဖြတ်မှုကြောင့် ၁၉၆၉ ခုနှစ်တွင် သေဆုံးခဲ့သည်။ မန်ဆန်သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေစဉ် ၂၀၁၇ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ ယင်းဇာတ်ကားဖြန့်ချိမည့်ရက်သည် တိတ်နှင့် သူငယ်ချင်းလေးဦး သတ်ဖြတ်ခံခဲ့ရသည့် နှစ် ၅၀ ပြည့်နေ့လည်းဖြစ်သည်။

လော့စ်အိန်ဂျလိစ်တွင် ကာလကြာနေထိုင်ခဲ့သည့် တာရန်တီနိုက ယင်းဇာတ်ကားအတွက် ဇာတ်ညွှန်းကို ငါးနှစ်ကြာ အချိန်ယူ၍ရေးသားခဲ့သည်။ ယင်းဇာတ်ကားသည် ၎င်း၏ နဝမမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ချားစ်မန်ဆန် လူသတ်မှုများဖြစ်ပွားချိန်တွင် အသက်ခုနစ်နှစ်အရွယ်သာရှိသေးသည်ဟု တာရန်တီနိုက ပြောကြားခဲ့သည်။

ယင်းဇာတ်ကားသည် လီယိုနာဒိုနှင့် ဘရက်ပစ်တို့ ပထမဆုံးအကြိမ် ပူးတွဲသရုပ်ဆောင်သည့် ဇာတ်ကားလည်းဖြစ်သည်။ လီယိုနာဒိုသည် ၂၀၁၆ ခုနှစ်တွင် The Revenant ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့ပြီး ဘရက်ပစ်သည် Moneyball နှင့် The Curious Case of Benjamin Button ဇာတ်ကားများဖြင့် အော်စကာဆုအတွက် လျာထားခံခဲ့ရသည်။