မလေးရှားနိုင်ငံရှိ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံရပြီး ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက အကျဉ်းစခန်းများအထိ လိုက်လံစိစစ် ကယ်တင်၍ ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်ကာ ရှစ်လအတွင်း လူဦးရေ ၅၂၅၅ ဦး အထိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကာ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသား ၂၈၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန် ကြိုးပမ်းနေကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် မလေးရှားနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်း လွန်၍ တရားမဝင်နေထိုင်ကြခြင်း၊ မူလကပင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာပြီး နေထိုင်ကြခြင်းနှင့် မလေးရှားနိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေများ ဖောက်ဖျက်မှုကြောင့် မလေးရှားနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဖမ်းဆီးခံရပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ဖမ်းဆီးထိန်းသိမ်း ခံနေရကြောင်း သိရသည်။ဖမ်းဆီးခံမြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံးမှ သံအရာရှိများသည် KLIA Camp သို့ ဖေဖော်ဝါရီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၂၇၆ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၈၈ ဦးရှိကြောင်း သိရသော်လည်း မြန်မာနိုင်ငံသို့ ပြန်ရန်ဆန္ဒရှိသူ ၂၁၆ ဦးသာ ရှိကာ၊ ကျန် ၇၂ ဦးမှာ ၎င်းတို့ဆန္ဒအရ မပြန်လိုသူများနှင့် UNHCR ဒုက္ခသည်ကတ်ရရှိရေး စောင့်ဆိုင်းလိုသူများ ဖြစ်နေသည်ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်က ဆိုသည်။အဆိုပါ မြန်မာနိုင်ငံသို့ပြန်ရန် ဆန္ဒရှိသူ ၂၁၆ ဦးအား လူတွေ့စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် စိတ်ဝေဒနာသည်များ အပါအဝင် ကျန်းမာရေးချို့တဲ့သူ ၁၀ ဦး၊ အမျိုးသမီးလေးဦး၊ အသက် (၁၃) နှစ်အရွယ် လူငယ်တစ်ဦး၊ မူလက UN ကတ် စောင့်ဆိုင်းနေသဖြင့် ထိန်းသိမ်းရေးစခန်းတွင် တစ်နှစ်ကျော် ကြာမြင့်ခဲ့သူ ၁၆ ဦး၊ ထိန်းသိမ်းရေးစခန်းတွင် ကာလကြာထိန်းသိမ်းခံထားရသူ ၇၃ ဦး၊ မှတ်ပုံတင်မူရင်း အထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်သူ ၂၃ ဦး စုစုပေါင်း ၁၂၇ ဦးတို့ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ ထိန်းသိမ်းရေးစခန်းတွင် ဒုက္ခအခက်အခဲများ အသီးသီးကြုံတွေ့ခံစားနေရသဖြင့် အမိနိုင်ငံသို့ မဖြစ်မနေ အမြန်ပြန်ရန် လိုအပ်နေသူများဖြစ်သောကြောင့် မြန်မာသံရုံးမှ ၎င်းတို့အား ဦးစားပေးအနေဖြင့် အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံတဝန်းရှိ မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ဒုက္ခရောက်နေသည့် မြန်မာလူမျိုးများအား ကယ်တင်နိုင်ရန် ရှေးယခင်ကပင် လူမှုရေးအသိစိတ်ဓာတ် ရှိပြီး မြန်မာလူမျိုးများအား စောင့်ရှောက်လိုသည့် ပရဟိတစိတ်ဓာတ် ရှိသူများအား အကျဉ်းစခန်းများသို့ သံရုံး၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်၍ အချက်အလက်များ ကောက်ယူဖြည့်သွင်းခြင်း၊ သံရုံးတွင် စိစစ်ခြင်း၊ C of I ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်း လုပ်ငန်းစဉ်များအား အစဉ်တစိုက် ဆောင်ရွက်ခဲ့သည့်အပြင် အကျဉ်းစခန်းများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်စွာ ကူညီနိုင်ရန် ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်၍ သံအမတ်ကြီး၊ သံရုံးအရာထမ်း၊ ဝန်ထမ်း (အမျိုးသား) များ အလှည့်ကျ ကိုယ်တိုင်သွားရောက်ကာ လူတွေ့ တွေ့ဆုံစိစစ်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် သွားရောက်စိစစ်ခဲ့သည့်အတွက် ၂၀၁၅ ခုနှစ် ဇွန်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီအထိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၅ ခုနှစ် ဇွန်လတွင် ၆၀၄ ဦး၊ ဇူလိုင်လတွင် ၇၄၃ ဦး သြဂုတ်တွင် ၈၃၂ ဦး၊ စက်တင်ဘာတွင် ၆၀၈ ဦး၊ အောက်တိုဘာတွင် ၆၂၆ ဦး၊ နိုဝင်ဘာတွင် ၃၉၆ ဦး၊ ဒီဇင်ဘာတွင် ၈၆၀ ဦးနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ၅၈၆ ဦးအထိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခက်အခဲရှိသူများ လေယာဉ်စရိတ် မတတ်နိုင်သူများကိုလည်း အခြေအနေပေါ် မူတည်၍ မြန်မာသံရုံးမှ ကူညီထောက်ပံ့ပေးနေကာ လေယာဉ်လက်မှတ် လှူဒါန်းမည့် အလှူရှင်များအား ဖိတ်ခေါ်နေကြောင်း သိရသည်။
မလေးရှားနိုင်ငံရှိ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံရပြီး ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ၂၈၈ ဦးအနက် ၂၁၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းနေပြီး ကျန်သူများမှာ မပြန်လိုသူများနှင့် ဒုက္ခသည်ကတ် ရရှိရန် စောင့်ဆိုင်းလိုသူများဖြစ်နေဟု ဆို















