စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကြမ်းများ အမျိုးသားလွှတ်တော် အတည်ပြု

စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကြမ်းများ အမျိုးသားလွှတ်တော် အတည်ပြု
Published 16 February 2018

စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းများအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အဆိုပါ မူပိုင်ခွင့်ဥပဒေကြမ်း လေးခုအား ဥပဒေကြမ်းတစ်ခုချင်းစီအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မူပိုင်ခွင့်တရားရုံးတည်ထောင်ခြင်းအဖြစ် မူပိုင်ခွင့်တရားရုံးများကို တည်ထောင်ခြင်း မပြုမီ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် သင့်လျော်သောတရားရုံးအား မူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍  ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ တရားစွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သောနယ်မြေဒေသတွင် မူပိုင်ခွင့်တရားရုံးများကို တည်ထောင်၍ တရားသူကြီးများကို ခန့်ထားနိုင်သည်။ မူပိုင်ခွင့်တရားရုံးများက ချမှတ်စီရင်သော စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများအား စီရင်ပိုင်ခွင့်ရှိသည့် မူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ အေဂျင်စီက ချမှတ်သော ဆုံးဖြတ်ချက်များအပေါ် အယူခံမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သည့် မူပိုင်ခွင့်တရားရုံးသို့ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီဥပဒေတွေက အရေးတကြီး လုပ်ဖို့လိုအပ်ပါတယ်။ အမှန်က  ဒီထက်အစောပိုင်းကတည်းက ဖြစ်ဖို့ကောင်းတာ။ ဒီဥပဒေက ဘာနဲ့အတူတူအရေးကြီးသလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ  ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတယ်။ ဘာ လို့လဲဆိုတော့ နိုင်ငံတကာက မြန်မာနိုင်ငံ မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံကြတော့မယ် ဆိုရင် နိုင်ငံတကာကုမ္ပဏီတွေဟာ မူပိုင်ခွင့် ထဲမှာပါတဲ့ အချက်အလက်တွေနဲ့ လာကြ တာပဲ။ အဲဒီအခါကျတော့ သူတို့ရဲ့ ကုန်အမှတ် တံဆိပ်တွေက ပါလာကြမှာ။ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်တွေကို ဘေးလူတွေက  အလွယ်တကူအသုံးချနေမယ်ဆိုရင် အာမခံချက်မရှိဘူး။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အမှန်တကယ် ဝင်ရောက်လာဖို့ဆိုရင် ဒီလို ဥပဒေတွေရှိထားဖို့ လိုအပ်ပါတယ်။ ဒါ ကြောင့်မို့ မူပိုင်ခွင့်ဥပဒေတွေကို ပြဋ္ဌာန်းတာ။ ဒီဥပဒေတွေကို စပြီးတော့အခြေပြုပြီးလုပ်ခဲ့တာက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပါ။မူပိုင်ခွင့်ဥပဒေတွေက အသုံးဝင်မှုများတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရှိတယ်။ လုပ်ငန်းတွေမှာ ထိုက်သင့်တဲ့အာမခံချက်တွေရှိအောင်လို့ ဒီမူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းပေးတာဖြစ်ပါတယ်။ အခုဒီမှာက သီချင်းခွေတွေလည်း ကော်ပီတွေလုပ်ကြတယ်။ နိုင်ငံခြားက ဝင်လာတဲ့ပစ္စည်း၊ ဒီဇိုင်းတွေကိုလည်း ဒီမှာပဲ လွယ်လွယ်ကူကူဒီဇိုင်းထုတ်ပြီး ကိုယ့်ဟာနဲ့ကိုယ် လုပ်နေကြတယ်။ အဲဒီလိုကျမူ ပိုင်ခွင့်ဆိုင်ရာအာမခံချက်မရှိဘူး။ နိုင်ငံတကာမှာဆိုရင် မူပိုင်ခွင့်ရှိထားတဲ့ပညာရှင်တွေဟာ ခံစားခွင့်တွေ တိုးလာတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာလုပ်ဖို့ ကမ်းလှမ်းတဲ့အခါမှာ ဒီလိုဥပဒေရှိလား မရှိလား စောင့် ကြည့်ကြတယ်။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်  Brand အနေနဲ့လာမှာ။ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေလာရောက်ဖို့အတွက် ခိုင်မာတဲ့ အာမခံချက်ရှိဖို့ မူပိုင်ခွင့်ဥပဒေတွေကို ပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဖြစ်သည့် မူပိုင်ခွင့်ဥပဒေကြမ်း လေးခုအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent