စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၄

စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၄
၁၉၆၆ ခုနှစ်တွင် အိမ်ဖြူတော်၌ ဗိုလ်ချုပ်နေဝင်းနှင့် အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆင်တို့ကို တွေ့ရစဉ်
၁၉၆၆ ခုနှစ်တွင် အိမ်ဖြူတော်၌ ဗိုလ်ချုပ်နေဝင်းနှင့် အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆင်တို့ကို တွေ့ရစဉ်
Published 24 September 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

ကွန်ဂို (၁၉၆၀- ၁၉၆၅ ခုနှစ်)

၁၉၆၀ ပြည့်နှစ် မေလတွင် ပက်ထရိစ် လူမမ်ဘာသည် ကွန်ဂို သမ္မတနိုင်ငံ (ယခုအခေါ် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ) ၏ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၁၉၆၀ ပြည့်နှစ် မေလတွင် ဘယ်လ်ဂျီယံ၏ လက် အောက်ခံအဖြစ်မှ ကွန်ဂိုနိုင်ငံသည် လွတ်လပ်ရေး အပြည့်အဝ ရရှိခဲ့သည်။

သို့သော် ထိုနှစ် ဇူလိုင်တွင် တပ်တွင်းပုန်ကန်မှုတစ်ရပ် ပေါ် ပေါက်လာခဲ့ပြီး ဒေသတွင်း သယံဇာတများကြောင့် သြဇာကို ဆက်လက်ထိန်းထားချင်သည့် ဘယ်လ် ဂျီယံ၏ အကူအညီဖြင့် ကာတန်ဂါနှင့် တောင်ကဆိုင်းဒေသများက ခွဲထွက်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့သည်။

လူမမ်ဘာက သူ့ကို ကူညီရန် ကုလသမဂ္ဂကို အကူအညီတောင်းခံခဲ့သော်လည်း ကုလသမဂ္ဂဘက်က ငြိမ်းချမ်းရေးအတွက်သာ ကူညီနိုင်မည်ဟု သဘောတူခဲ့ပြီး ခွဲထွက်ရေးပြဿနာများကိုမူ ရှင်းမပေးနိုင်ဟု ဆိုခဲ့သည်။

ထို့ကြောင့်လူမမ်ဘာသည် ခွဲထွက်ရေး လှုပ်ရှားမှုများကို တားဆီးရန် ဆိုဗီယက်ပြည်ထောင်စု၏ အကူအညီကို လက်ခံရန်သာ ဆုံးဖြတ်လိုက်သည်။ ယင်းက အမေရိကန်အတွက် စိတ်မအေးစရာကိစ္စ ဖြစ်လာခဲ့သည်။

အစပိုင်းတွင် ဒွိုက်ဒေးဗစ် အိုက်ဆင်ဟောင်ဝါ (အမေရိကန် ၏ ၃၄ ဦးမြောက်သမ္မတ) ဦးဆောင်သည့်အစိုးရက လူမမ်ဘာကို သူတိုက်သည့် သွားတိုက်ဆေးထဲ အဆိပ်ခတ်ရန် အစီအစဉ် ရှိခဲ့ကြသည်။ သို့သော် အစီအစဉ် မဖြစ်မြောက်ခဲ့။ CIA က သူလျှိုအဖွဲ့ ခေါင်းဆောင် ဆစ်ဒနီ ဂေါ့တလီ ဆို သူကို အာဖရိကန် စီအိုင်အေ၏ အမည်ဝှက် WI/Rouge ဖြင့် လူမမ်ဘာအား အဆိပ်ခတ်လုပ်ကြံရန် စေလွှတ်ခဲ့သော်လည်း အစီအစဉ် မပြီးမြောက်မီမှာပင် လူမမ်ဘာက ပုန်းရှောင်သွားခဲ့သည်။

ထို့နောက် အမေရိကန်က ကွန်ဂိုဗိုလ်မှူးကြီး မိုဗြူတူဆက်ဆီ ဆီကိုအား လူမမ်ဘာကို ဖြုတ်ချရန် အားပေးအားမြှောက်ပြုခဲ့သည်။ ထိုအတိုင်း မိုဗြူတူက ၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်တွင် လုပ် ဆောင်ခဲ့သည်။ လူမမ်ဘာသည် အကျဉ်းချခံရပြီးနောက် ကာတန်ဂါသို့ အပို့ခံရကာ ၁၉၆၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ကွပ်မျက်ခံလိုက်ရသည်။

လူမမ်ဘာ သေဆုံးသွားပြီး နောက် အမေရိကန်က မိုဗြူတူအား ခွဲထွက်ရေးနှင့် အတိုက်အခံသမားများလက်မှ ကာကွယ်သည့်အနေဖြင့် ထောက်ပံ့မှုများစတင် ပေးအပ်ခဲ့သည်။ လူမမ်ဘာကို ထောက်ခံသူများကမူ နိုင်ငံအရှေ့အရပ်တွင် မိုဗြူတူအစိုးရနှင့်အပြိုင် ကွန်ဂို လွတ်မြောက်ရေး သမ္မတနိုင်ငံဟူ၍ ထူထောင်ကာ  စတန်လီဗယ်မြို့ (ယခုအခေါ်  ကီဆန်ဂါနီ) ကို မြို့တော် သတ်မှတ်ခဲ့သည်။

နောက်ဆုံးတွင် စတန်လီဗယ်ရှိ အစိုးရနှင့်  မိုဗြူဘူလက်အောက်ရှိ အစိုးရတို့ ပေါင်းစည်းရန် သဘောတူလိုက်ကြသည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် လူမမ်ဘာ ထောက်ခံသူများက အရှေ့ပိုင်းတွင် နောက်ထပ် သီးခြား အစိုးရတစ်ရပ်ထူထောင်ကာ Simba ပုန်ကုန်မှုကို စတင် လိုက်ကြသည်။

ယင်းပုန်ကန်မှုက ဆိုဗီယက်ပြည်ထောင်စုနှင့် ဆိုဗီယက်ဘလော့ မှ နိုင်ငံအများစုတို့၏ အကူအညီကို ရခဲ့သည်။ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာတွင် အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့က ဆင်ဘာသူပုန်များ ဖမ်းဆီးထားသည့် ဓားစာခံများကို ကယ်ဆယ်ရန် Dragon Rouge အမည်ရှိ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ယင်းစစ်ဆင်ရေးအောင်မြင်ခဲ့ကာ ဆင်ဘာသူပုန်များကိုလည်း စတန်လီဗယ် မြို့မှ ပြေးစေခဲ့သည်။ နောက်တစ်နှစ်တွင် ဆင်ဘာသူပုန်များကို ကွန်ဂိုစစ်တပ်က အနိုင်ရခဲ့သည်။

(ဆိုဗီယက်ဘလော့ဆိုသည်မှာ စစ်အေးခေတ်ကာလအတွင်း တည်ရှိခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၏ သြဇာအောက်တွင် အလယ်နှင့် အရှေ့ဥရောပ၊  အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ ကွန်မြူနစ် နိုင်ငံများကို စုဖွဲ့ထားသော ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။)

၁၉၆၅ ခုနှစ်၊ မတ်လရွေးကောက်ပွဲများအပြီး မိုဗြူတူသည် နိုဝင်ဘာအရောက်တွင် အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံများ၏ထောက်ခံမှုဖြင့် ဒုတိယအကြိမ် အာဏာသိမ်းယူလိုက်သည်။ ငါးနှစ်အတွင်း ဒီမိုကရေစီပြန်ရစေ မည်ဟု မိုဗြူတူက ကတိပေးသဖြင့် အစပိုင်းတွင် လူထုက နှစ်သက်ခဲ့သော်လည်း နောက်ဆုံးတွင် အာဏာရှင်အဖြစ်သို့သာ ရောက်ခဲ့သည်။

လာအို (၁၉၆၀ ပြည့်နှစ်)

၁၉၆၀ ပြည့်နှစ် သြဂုတ် ၉ ရက်တွင် ကပ္ပတိန်ခုန်လဲ့က သူ့ တော်ဝင် လာအိုလေထီးတပ်နှင့်အတူ လာအို၏အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် ဗီယင်ကျန်းမြို့ကို အာဏာသိမ်းယူလိုက်သည်။ ပြည်တွင်းစစ်အဆုံးသတ်ရေး၊ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများက ဝင်စွက်နေမှုရပ်တန့်ရေး၊ နိုင်ငံခြားအကူအညီများကြောင့် ဖြစ်လာသည့် အဂတိလိုက်စားမှုများ ပပျောက်ရေး၊ လာအိုစစ်သားများအတွက် ပိုမိုကောင်းမွန်သည့် စီမံမှုများရှိ လာရေးတို့ကို ရည်ရွယ်သည်ဟုဆိုကာ ကြားနေအစိုးရပုံစံဖြင့် အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း စီအိုင်အေ၏ထောက်ခံမှုဖြင့် ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ဆာရီထန်နရတ်က Kaw Taw ဟု အမည်ရသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ဖွဲ့ စည်းလိုက်ပြီး ယင်းအဖွဲ့က ကြားနေအစိုးရအား တန်ပြန်မည့် အာဏာသိမ်းမှုတစ်ရပ် ပေါ်ပေါက်လာအောင် လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ဗိုလ်ချုပ်ကြီးဖူမီနိုဆေဗန်ကို ကူညီခဲ့သည်။

ထို့ပြင် စီအိုင်အေ၏ထောက် ပံ့မှုဖြင့်ပင် လာအိုအတွင်းရှိ စစ်ဆင်ရေးများအတွက် PARU လေ ကြောင်းစစ်ကူအဖွဲ့ကိုလည်း လွှတ်ပေးခဲ့သည်။ စီအိုင်အေ၏ ဗန်းပြ အဖွဲ့အစည်း Air America က အမေရိကန်စစ်ပစ္စည်းအထောက်အပံ့များ၊ ထိုင်းနိုင်ငံမှ လျှို့ဝှက် အကူအညီများကို ယူဆောင်ပေးခြင်းဖြင့်  ဖူမီနိုဆေဗန်၏တပ်ဖွဲ့များ သည် ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာတွင် ဗီယင်ကျန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဒိုမီနီကန် ရီပတ်ဘလစ် (၁၉၆၁ ခုနှစ်)

၁၉၆၁ ခုနှစ်၊ မေတွင် ဒိုမီနီ ကန်ရီပတ်ဘလစ်နိုင်ငံခေါင်းဆောင် ရာဖေးထရူဟီယိုသည် အမေရိကန်စီအိုင်အေမှ ပံ့ပိုးသည့် လက်နက်ဖြင့် အသတ်ခံခဲ့ရသည်။

စီအိုင်အေအတွင်းရေး မှတ်တမ်းတစ်ခုတွင်လည်း ထရူဟီယို အသတ်ခံရမှုတွင် လုပ်ကြံသူများနှင့် စီအိုင်အေတို့ အတော်ပင် ပတ်သက်မှု ရှိသည်ဟု ဆိုထားသည်။ စီအိုင်အေဘက်ကမူ  ဒိုမီနီကန်ရီပတ် ဘလစ်အစိုးရ အပြောင်းအလဲဖြစ်ရေးတွင် သူတို့ပါဝင်ခဲ့မှုအခန်း ကဏ္ဍသည် အောင်မြင်သည်၊ အကြွင်းမဲ့အာဏာရှင်စနစ်မှ အနောက်တိုင်းပုံစံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲအောင် ကူညီနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် စီအိုင်အေ၏အကူ အညီကို လက်ခံခဲ့သည့် ဝှမ်ဘော့ရှ် က  ၁၉၆၂ ခုနှစ်တွင် ဒိုမီနီကန်ရီ ပတ်ဘလစ်နိုင်ငံ၏ ရွေးကောက်ခံ သမ္မတဖြစ်လာသည်။သို့သော် သူ လည်း ၁၉၆၃ ခုနှစ်တွင် ဖြုတ်ချခံခဲ့ ရသည်။

အီရတ် (၁၉၆၃ ခုနှစ်)

၁၉၆၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က အီရတ်ခေါင်းဆောင် အက်ဒ်အယ်-ကာရင် ကာဆင်ကို ဖြုတ်ချခဲ့သည့် အတင်းအဓမ္မ အာဏာသိမ်းမှုကို စီစဉ်လုပ်ဆောင်ခဲ့ရာတွင် ဘာ့သ်ပါတီသည် အမေရိကန် စီအိုင်အေနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု အချိန်ကြာမြင့်စွာ သံသ ယရှိနေခဲ့သည်။

အီရတ်တွင် လုပ်ဆောင်ခဲ့ သည့် စီအိုင်အေ၏ စစ်ဆင်ရေးများနှင့် ဆက်စပ်အကျုံးဝင်သည့် မျက် မှောက်ခေတ် မှတ်တမ်းများကို လုံခြုံရေးအဆင့် သတ်မှတ်ထားဆဲဖြစ်ကာ ကျွမ်းကျင်သူများအနေဖြင့် ၂၀၂၁ ခုနှစ်ရောက်မှသာ ထိုအာဏာသိမ်းမှုကို စီစဉ်ရာတွင် အမေရိ ကန်၏ ပါဝင်ပတ်သက်မှု အတိုင်းအတာကို စတင်ဖော်ထုတ်ခဲ့သော်လည်း အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒအပေါ် အဓိပ္ပာယ်ကောက်ယူ ပုံချင်း ကွဲလွဲနေခဲ့သည်။

ကာဆင်၏အစိုးရကို ဖြုတ်ချ ရာတွင် စီအိုင်အေက ဘာ့သ်ပါတီကို အကူအညီပေးခဲ့သည်ဟု ကျွမ်း ကျင်သူများက လက်ခံထားသော် လည်း အချက်အလက်အသစ် ထုတ်ပြန်မှုမှလွဲ၍ အထောက်အထားအများစုသည် ၁၉၆၃ ခုနှစ် အာဏာသိမ်းမှုနောက်ကွယ်တွင် စီအိုင်အေ ပါဝင်ခဲ့ခြင်းမရှိဟူသော ကောက်ချက်ချမှုအတွက် ခိုင်လုံမှု ရှိသည်ဟု ဘရိုင်ယန်အာရ် ဂစ်ဘ်ဆန်က ရေးသားထားသည်။

အမေရိကန်အစိုးရက လုံခြုံရေးအဆင့် လျှော့ချခဲ့သည့် စာရွက် စာတမ်းများသည် အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်နေသော ညွှန်းဆိုမှုများအတွက် သက်သေအထောက်အထား ပြနိုင်ခြင်းမရှိဟု ပီတာဟန်းက ဆိုသည်။

သို့သော်ငြားလည်း ဘရန်ဒန် ဝုဖ်-ဟန်နီကက်ဆိုသည့် ကျွမ်းကျင်သူကမူ အမေရိကန် ပါဝင်သည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အထောက်အထားကို ဖွင့်ချခဲ့ပြီး တရားဝင် လျှို့ဝှက်အဆင့် လျှော့ချ ခဲ့သည့် စာရွက်စာတမ်းများအရ ယင်းအာဏာသိမ်းမှုတွင် စီအိုင်အေ ပါဝင်ပတ်သက်ခဲ့သည်ဟူသော ဖြစ်နိုင်ခြေသည် အတော်အတန် ခိုင်ခိုင်လုံလုံ ရှိနေသည်ဟု ၎င်းက ဆိုသည်။

စီအိုင်အေသည် ၁၉၆၀ ပြည့် လွန်နှစ်ကာလများအစောပိုင်းတွင် အီရတ်၏ ဘာ့သ်ပါတီနှင့် ထိတွေ့ ဆက်ဆံမှု ရှိရုံသာမက ထိုအာဏာသိမ်းမှုကို စီစဉ်ရာတွင်လည်း အကူ အညီပေးခဲ့သည့် ခိုင်လုံသော အထောက်အထား ရှိသည်ဟု မျက်မှောက်ခေတ် ထင်ရှားသော ဘာ့သ် ပါတီဝင်များနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများ၏အဆိုကို ကိုးကား ၍ အဲရစ်ဂျက်ကော့ဘ်ဆန်က ပြောကြားသည်။

အမေရိကန်အစိုးရသည် ကာဆင်ကိုဖြုတ်ချခဲ့သည့် အာရပ်ကမ္ဘာ ပေါင်းစည်းညီညွတ်ရေးဝါဒီ ဘာ့သ် ပါတီနှင့် ဆက်နွှယ်သော စစ်တပ်အရာရှိများ၏ လှုပ်ရှားမှုကို ကျော ထောက်နောက်ခံပေးခဲ့သည်ဟု နာသန် ဂျေစီတီနိုဟု အမည်ရသည့် ကျွမ်းကျင်သူတစ်ဦးက ရေးသားခဲ့ သော်လည်း လက်လှမ်းမီသည့် အ ထောက်အထားမှတ်တမ်းများအပေါ် အခြေခံ၍ အမေရိကန်၏ တာဝန်ရှိမှုအတိုင်းအတာကို အပြည့်အဝ သက်သေပြနိုင်ခြင်း မရှိဟု ဆိုသည်။

အမေရိကန်သည် ရာမာဒန် အာဏာသိမ်းမှုကို အစပျိုးခဲ့ခြင်း မရှိသည့်တိုင် အကောင်းဆုံး အခြေအနေမှာ အမေရိကန်က ၎င်းအခြေအနေကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုးဆုံးအခြေအနေမှာ နောက်ဆက်တွဲ အကြမ်းဖက်မှု အခြေအနေကို အားပေးအားမြှောက်ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုအာဏာသိမ်းမှုမတိုင်မီ၊ အာဏာသိမ်းစဉ်ကာလနှင့် အာဏာသိမ်းပြီးနောက်တွင်လည်း ဘာ့သ်ပါတီ ခေါင်းဆောင်များသည် အမေရိကန်တာဝန်ရှိသူများနှင့် အထောက်အကူပြုသည့် ဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။

၁၉၆၄ ခုနှစ် မတ်လတွင်ထုတ်ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မှတ်တမ်းတွင် အမေရိကန် အရာရှိများသည် ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် တော်လှန်ရေးကို ပေါ်ပေါက်စေသည့် ဘာ့သ်ပါတီဝင် ကျောင်းသား အဖွဲ့ အစည်းကို အားတက်သရော ပံ့ပိုး ခဲ့ပြီး ဘဂ္ဂဒက်တက္ကသိုလ်တွင် ဆင်နွှဲခဲ့သည့် ကျောင်းသားသပိတ် အောင်မြင်စေရန် အထောက်အကူပေးခဲ့သည်ဟု ဖော်ပြလိမ့်မည်ဖြစ်သည်။

ကနေဒီစာကြည့်တိုက်ရှိ မှတ်တမ်းများအရ ကနေဒီအစိုးရသည် ထင်ရှားသော ဘာ့သ်ပါတီ တာဝန် ရှိသူနှစ်ဦးကို သူလျှိုအဖြစ် သဘောထားခဲ့သည်ကို ညွှန်ပြနေသည်ဟု ဝုဖ်-ဟန်နီကက်က ဆိုသည်။

အီရတ်အာဏာသိမ်းမှုသည် မိမိတို့အတွက် အမြတ်ထွက်မည်မှာ ကျိန်းသေသလောက်နီးပါးရှိပြီး ယင်းအား လျှို့ဝှက်ကြံစည်မှုနှင့် ပတ်သက်၍ စီအိုင်အေသည် အကောင်းဆုံး သတင်းရယူ ထောက်လှမ်းခဲ့သော်လည်း ယင်းအတွက် ၎င်းတို့ကိုရော ဗြိတိန်ကိုပါ အကြီးအကျယ် ချီးကျူးသင့်သည်ဆိုခြင်းကို မိမိသံသယရှိသည်ဟု အမျိုးသားလုံခြုံရေးကောင်စီ အဆင့်မြင့်တာဝန်ရှိသူ ရောဘတ်ကိုမာက ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ထိုစဉ်က အမေရိကန်သမ္မတဖြစ်သည့် ဂျွန်အက်ဖ်ကနေဒီထံ စာရေးသားခဲ့သည်။

အာဏာသိမ်းပြီးနောက် ကွန်မြူနစ်ဆန့်ကျင်သည့် သုတ်သင် ဖယ်ရှားမှုနှင့် ကာ့ဒ်သူပုန်များ၊ အရပ်သားများအပေါ် အီရတ်တို့၏ ရက်စက်ကြမ်းကြုတ်မှုများအကြား အမေရိကန်သည် ဘာ့သ်ပါတီ အစိုးရသစ်အား အရေးပါသော အကူအညီများပေးခဲ့သည်။

ဘာ့သ်ပါတီ အင်အားစုများသည် အီရတ်ကွန်မြူနစ်များကို ဖော်ထုတ်ရာတွင် အကူအညီလိုအပ်ခဲ့သည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိသော်လည်း စီအိုင်အေသည် ဘာ့သ်ပါတီ၏ အမျိုးသားအစောင့်တပ်အား ကွန်မြူနစ်များနှင့် အခြားလက်ဝဲဝါဒီများပါဝင်သည့် စာရင်းကို ပေးခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရသည်။ ထိုစာရင်းတွင် ပါဝင်သူများသည် နောက်ပိုင်းတွင် ဖမ်းဆီးခံရခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းခံခဲ့ရသည်။

ဘာ့သ်ပါတီဝင်များသည် ထောက်လှမ်းရေးနှင့် သုတေသနဗျူရို၏ အစီရင်ခံစာများကို အထောက်အထားယူ၍ ၎င်းတို့ဘာသာ စာရင်းပြုစုခဲ့သည်ဟု ဂစ်ဘ်ဆန်က အလေးအနက်ပြောကြားသည်။

သို့သော် စီတီနိုနှင့် ဝုဖ်-ဟန်နီ ကက်ကမူ အီရတ်ရှိ အမေရိကန် သံရုံးသည် အဆိုပါလူစာရင်းများကို အမှန်တကယ် စုဆောင်းခဲ့ပြီး သုတ်သင်ရှင်းလင်းမှုအတွင်း အမျိုးသား အစောင့်တပ်နှင့် အဆက်အသွယ်ရှိခြင်းကြောင့်လည်းကောင်း၊ ယင်း သုတ်သင်ရှင်းလင်းမှုတွင် ပါဝင်ခဲ့သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် အမေရိကန်တွင် လေ့ကျင့်သင်ယူခဲ့ခြင်းကြောင့်လည်းကောင်း ထိုကဲ့သို့ အခိုင်အမာ ပြောကြားချက်များသည် ဖြစ်နိုင်ခြေရှိ သည်ဟု ယူဆသည်။

ထို့အပြင် ကွန်မြူနစ်လွှမ်း မိုးပြီး ကျောထောက်နောက်ခံ ပေးထားသည့် အစိုးရတစ်ရပ်ကို အတင်းအဓမ္မဖြုတ်ချရန် ကြိုးပမ်းသည့် ကွန်မြူနစ်ဆန့်ကျင်ရေး Hunter-Killer အဖွဲ့များကို အမေရိကန်က တိတ်တဆိတ် ထောက်ပံ့ခြင်းနှင့်စပ်လျဉ်းသည့် အမေရိကန်၏ အထူးစစ်ပွဲမူဝါဒနှင့် ကိုက်ညီလိမ့်မည်ဟု ဝုဖ်-ဟန်နီကက်က အမေရိကန်၏ မျက်မှောက်ခေတ် ပုန်ကန်ထကြွမှုနှိမ်နင်းရေးမူဝါဒကို ရည်ညွှန်း၍ ထောက်ပြပြောဆို ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဂွာတီမာလာ၊ ၁၉၆၅ - ၆၆ ခုနှစ်တွင် အင်ဒိုနီးရှားတို့၌ လုပ်ဆောင်ခဲ့သည့်နည်းတူ ကွန်မြူနစ်ဟု သံသယရှိသူများစာရင်းကို စုဆောင်းခဲ့သည့် စီအိုင်အေ၏ အခြားလုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ်ပြခဲ့သည်။

အင်ဒိုနီးရှား (၁၉၆၅ မှ ၁၉၆၇ ခုနှစ်အထိ)

အငယ်တန်းစစ်တပ်အရာရှိများနှင့် သမ္မတဆူကာနို၏အိမ်တော် အစောင့်တပ်မှူးတို့က အင်ဒိုနီးရှား အမျိုးသား တပ်မတော်မှ ထိပ်ပိုင်းအရာရှိများသည် သမ္မတဆူကာနိုကို ဖြုတ်ချမည့် စီအိုင်အေ ကျောထောက်နောက်ခံပြု အာဏာသိမ်းမှုလုပ်ဆောင်ရန် စီစဉ်နေသည်ဟု စွပ်စွဲကာ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် အကြီးတန်း စစ်ဗိုလ်ချုပ်ခြောက်ဦးကို သတ်ဖြတ်ခဲ့သည်။

ယင်းနေ့၌ပင် ဗိုလ်ချုပ်ကြီး ဆူဟာတိုနှင့် အခြားအဆင့်မြင့် စစ်တပ်အရာရှိများသည် အငယ်တန်းအရာရှိများကို တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်ချုပ်ခြောက်ဦး အသတ်ခံရ မှုကို အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) က ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အင်ဒိုနီးရှားစစ်တပ်သည် မဟုတ်မမှန် ၀ါဒဖြန့်လှုပ်ရှားမှုကို စတင်ကာ PKI ပါတီထောက်ခံသူများနှင့် အခြားနိုင်ငံရေးအတိုက်အခံဟု ယူဆရသူများကို တိုက်ခိုက်ရန် အရပ်သားလူအုပ်ကြီးကို လှုံ့ဆော်ခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်သည် အရပ်သားအချို့နှင့် ပူးပေါင်း၍ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လပေါင်းများစွာ ကျူးလွန်ခဲ့သည်။ ယင်းကဲ့သို့ သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားဦးရေသည် ငါးသိန်းမှ တစ်သန်းကျော်အထိ ရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

အမေရိကန် သံအမတ် မာရှယ်ဂရင်းက နိုင်ငံရေးအတိုက်အခံများကို အင်အားသုံး၍ တုံ့ပြန်ကိုင်တွယ်ရန် အင်ဒိုနီးရှားစစ်တပ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

အမေရိကန်သည် ၎င်း၏ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားအတွက် ထိုကဲ့သို့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို သိရှိခဲ့ပြီး တိုက်တွန်းအားပေးမှုများ၊ ပံ့ပိုးမှု များ လုပ်ဆောင်ခဲ့သည်ဟု ၂၀၁၇ ခုနှစ်တွင် ဂျာကာတာရှိ အမေရိကန်သံရုံးမှ လျှို့ဝှက်အဆင့်လျှော့ချ လိုက်သည့် စာရွက်စာတမ်းများက အတည်ပြုခဲ့သည်။

PKI ထောက်ခံသူများနှင့် အခြားလက်ဝဲဝါဒီဟု ယူဆရသူ ထောင်ချီပါဝင်သည့် အမည်စာရင်း ကို အင်ဒိုနီးရှား စစ်တပ်အား ပေးအပ်ခဲ့ပြီး ထို့နောက်တွင် အမေရိ ကန် တာဝန်ရှိသူများက သတ်ဖြတ်ခံရသူများကို ၎င်းတို့စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်ဟု အမေရိကန်သံတမန်များက ကေသီကာဒိန်းဟု အမည်ရသည့် သတင်းထောက်တစ်ဦးကို ၁၉၉၀ ပြည့်နှစ်က ဖွင့်ချခဲ့သည်။

သမ္မတဆူကာနိုကို ထောက် ခံသည့် အင်အားစုများသည် သုတ်သင်ခံရခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်းတို့ ခံခဲ့ရပြီး လွတ်မြောက်သူများသည်လည်း အကြောက်တရား ရိုက်သွင်းခံခဲ့ရသည်။ သို့ဖြစ်ရာ ဆူကာနိုသည် ၁၉၆၇ ခုနှစ်တွင် ရာထူးမှဖြုတ်ချခံခဲ့ရပြီး ၎င်း၏နေရာကို ဗိုလ်ချုပ်ကြီးဆူဟာတို ဦးဆောင်သည့် အာဏာရှင်ဆန်သော စစ်တပ်အစိုးရက အစားထိုး တာဝန်ယူခဲ့သည်။

အင်ဒိုနီးရှားအစိုးရသည် စစ်အေးတိုက်ပွဲတွင် ကြားနေရေးဝါဒ နှင့် နယ်ချဲ့စနစ်ဆန့်ကျင်ရေးကို အခိုင်အမာ ထောက်ခံရပ်တည်ခဲ့ရာမှ အမေရိကန်၏ ကမ္ဘာ့အခင်း အကျင်းတွင် ငြိမ်သက်စွာ အလိုက်သင့်ပါဝင်လာသည့် မိတ်ဖက်အဖြစ် နေ့ချင်းညချင်း ရောက်ရှိသွား သည်ဟု သမိုင်းပညာရှင် ဂျွန်ရူဆာကဆိုသည်။

ယင်းလှုပ်ရှားမှုသည် စစ်အေး ကာလ၏ ကြီးမားသော အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ခံရပြီး အမေရိကန်က ကျောထောက် နောက်ခံပေးခဲ့သည့် အာရှနှင့် လက်တင်အမေရိကတစ်လွှားမှ အခြားအာဏာသိမ်းမှု ဖြစ်စဉ်များ နှင့် ကွန်မြူနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုများအတွက် စံနမူနာတစ်ခု ဖြစ်လာသည်အထိ အောင်မြင်ခဲ့သည်။

စစ်အေးတိုက်ပွဲ၏ သက်ရောက်မှုနှင့် မြန်မာနိုင်ငံ (၁၉၄၆ - ၁၉၈၉)

၁၉၄၉ နှစ်ကုန်ပိုင်းတွင် မော်စီတုန်းလက်အောက်ရှိ ကွန်မြူနစ်များ အနိုင်ရကာ တရုတ်ပြည်တွင်း စစ်အဆုံးသတ်သွားသည်။ တစ်ချိန်တည်းမှာပင် ဆိုဗီယက်ပြည်ထောင်စု၏ အားပေးအားမြှောက် ပြုမှုဖြင့် ဗမာ့ကွန်မြူနစ်ပါတီက မြန်မာအစိုးရသစ်ကို ပုန်ကန်တော်လှန်မှု စတင်ပြီး မန္တလေးမြို့နှင့် နိုင်ငံတစ်ဝန်းရှိ မြို့ငယ်များကို သိမ်းပိုက်လိုက်သည်။

ထိုအချိန်က မြန်မာနိုင်ငံမှာ အနောက်နိုင်ငံများနှင့် အတော်နီးစပ်သည့် အနေအထားတွင် ရှိခဲ့သည်။

အင်္ဂလန်နှင့် အခြား ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများက လက်နက်များ၊ အကြံပေးများ စသည့် စစ်ဘက်အကူအညီများကို လေကြောင်းဖြင့် ပေးပို့ထောက်ပံ့သည်။ (စတာလင်နယ်ထဲတွင် မြန်မာနိုင်ငံ ပါဝင်သေးချိန် ဖြစ်သည်။ စတာ လင်နယ်ဆိုသည်မှာ ဗြိတိသျှတို့၏ ငွေကြေး ပေါင်စတာလင်ကို နိုင်ငံ၏ ငွေကြေးအဖြစ် သို့မဟုတ် မိမိတို့ နိုင်ငံ၏ ငွေကြေးကို ပေါင်စတာလင်နှင့် ပုံသေသတ်မှတ်ထားသည့် နိုင်ငံများ အစုအဖွဲ့ ဖြစ်သည်။)

၁၉၄၉ နှစ်ကုန်ပိုင်းတွင် ချန်ကေရှိတ် သစ္စာခံ စစ်ရှုံး တရုတ်အမျိုးသားတပ်များ (ကူမင်တန်တပ်) သည် အရှေ့ဘက်ရှိ ဖော်မိုဆာ (ယနေ့ ထိုင်ဝမ်) သို့လည်းကောင်း၊ အနောက်တောင်ဘက်ရှိ ယူနန်ဒေသကို ကျော်ဖြတ်၍ ရှမ်းတောင်တန်းများသို့လည်းကောင်း ထွက်ပြေး တိမ်းရှောင်ကြသည်။  

၁၉၅၁ ခုနစ် ရောက်သောအခါ အနည်းဆုံး အင်အား ၁၀,၀၀၀ ရှိ ကူမင်တန်တပ်များသည် ရှမ်းပြည်နယ် အရှေ့ဘက်ခြမ်း တစ်ခု လုံးနီးပါးကို သိမ်းပိုက်လိုက်ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့မှ မိုင် ၂၀၀ အကွာခန့်အထိပါ ထိုးဖောက်လာသည်။ ၀ါရှင်တန်အစိုးရက သွယ်ဝိုက်ထောက်ပံ့ပေးနေသည့် ကူမင်တန်တပ်များ ကျူးကျော်လာခြင်းကို ဦးနု၏ မြန်မာအစိုးရဘက်မှ လွန်စွာ ဒေါပွခဲ့သည်။ ထိုအချိန် တွင် မြန်မာအစိုးရမှာ ကွန်မြူနစ် သောင်းကျန်းသူများသာမက အ ခြားသော ပုန်ကန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ (ထိုင်းနိုင်ငံက အကူအညီပေးနေသော) ကရင်အမျိုးသား အစည်းအရုံး၊ ရခိုင်ပြည် နယ်တွင် မူဂျာဟစ်ဒင်နှင့် အခြား သော လက်နက်ကိုင်အဖွဲ့ အတော် များများ ရှိနေကြသည်။       

မြန်မာပြည်တွင် အခြေချပြီး ယူနန်ပြည်တွင် ပုန်ကန်မှုများ ပြုလုပ်ရန် စီစဉ်နေကြသော ကူမင်တန်တပ်များကြောင့် ကွန်မြူနစ် တရုတ်တပ်များပါ ကျူးကျော်ဝင် ရောက်လာမည်ကို အထူးသဖြင့် စိုးရိမ်နေခဲ့ကြသည်။

မြန်မာအစိုးရက ကုလသမဂ္ဂသို့ အကူအညီ လှမ်းတောင်းခဲ့သေးသည်။ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည့် မြန်မာအစိုးရသည် ၁၉၅၃ ခုနစ်တွင် ကုလသမဂ္ဂမှ အကူအညီရရန် မမျှော်လင့်တော့ဘဲ ‘ဘက်မလိုက် လှုပ်ရှားမှု’ဘက်သို့ လှည့်သွားကာ မိမိကိုယ်ပိုင် စစ်ယန္တရား ကြီး အဖြစ် တပ်မတော်ကို တည်ဆောက်ရန် ဖြစ်လာခဲ့သည်။

ဦးနုအစိုးရသည် ‘ဘက် မလိုက်ရေး မူဝါဒ’ လက်ကိုင်ထားပြီး အင်အားကြီးနိုင်ငံများနှင့် မိတ်ဆွေအဖြစ် ဆက်လက်တည်ရှိနိုင်ရန် နှစ်ပေါင်း အတော်ကြာ ကြိုးပမ်းခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုဝန်ကြီးချုပ် ခရူးရှက်၊ အမေရိကန် သမ္မတ နစ်ဆင်တို့ နှစ်ဦးစလုံးပင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့သေးသည်။ ထို့ပြင် ချူအင်လိုင် အပါအဝင် တရုတ် ခေါင်းဆောင်များလည်း မကြာခဏ လာရောက်ခဲ့သေးသည်။ ဦးနု ကိုယ်တိုင်လည်း အမေရိကန် ပြည်ထောင်စု၊ ဆိုဗီယက် ပြည်ထောင်စု၊ တရုတ်နိုင်ငံများသို့ သွားရောက်ကာ မြန်မာနိုင်ငံ၏ ‘ကြားနေ’ နိုင်ငံ ခြားရေးမူဝါဒနှင့် ပတ်သက်၍ စိုးရိမ်စရာ မလိုကြောင်း နားချသည်။ တစ်ဖက်ဖက်က မျက်စိမစူးအောင်လည်း မြန်မာတို့က အလွန်သတိထားသည်။ ၁၉၅၃ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များ ရက်ရက်ရောရော ပေးလာခဲ့သည့်တိုင် မြန်မာပြည်၏ ကြားနေမူဝါဒ ထိပါးနိုင်ခြေ ရှိလာသဖြင့် လက်ခံနေသည့် အမေရိကန် အထောက်အပံ့ အားလုံးကို ရုတ်တရက် ရပ်စဲပစ်လိုက်သည်။

၁၉၆၂ ခုနစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်းက အမေရိကန်တို့သည် ရန်စွယ် ဖြစ်လာနိုင်သည်ဟု ပထမဆုံး ရှုမြင်ခဲ့သည်။ ယင်းသည် စစ်အေးတိုက်ပွဲ အထွတ်အထိပ်ကာလ၊ ကျူးဘားပြဿနာကြောင့် ၀ါရှင်တန်နှင့် မော်စကို အစိုးရတို့ နျူကလီးယား စစ်ပွဲ စတင်လုနီးပါး ဖြစ်နေချိန်ဖြစ်သည်။ အမေရိကန်၏ စီအိုင်အေက လာအိုနိုင်ငံတွင် ‘လျှို့ဝှက်စစ်ပွဲ’တစ်ခု အစပျိုးနေပြီး ဗီယက်နမ်နိုင်ငံသို့ ပထမဦးဆုံး စေလွှတ်သည့် အမေရိကန်စစ်သားများ ရောက်ရှိလာသည်။ ၁၉၆၃ ခုနှစ်တွင် တောင်ဗီယက်နမ်ခေါင်းဆောင် ငုယင်ဒင်ဒရန့်  လုပ်ကြံခံခဲ့ရသကဲ့ သို့ ဖြစ်လာမည်ကို ဗိုလ်ချုပ်နေဝင်းက စိုးရိမ်သည်။ ဤတွင် အမေရိကန်တို့က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီးကို တည့်အောင် ပေါင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ကို အပထား၊ ဗိုလ်ချုပ်နေဝင်းမှာ တရုတ်တို့၏ မိတ်ဆွေ မဟုတ်ဘဲ ကွန်မြူနစ် ဆန့်ကျင်သူ တစ် ယောက် ဖြစ်မည်ဟု အမေရိကန်တို့ က တွက်ဆမိသည်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ဗိုလ်ချုပ်ဟောင်း ဟင်နရီဘိုင်ရုတ်မှာ ဗိုလ်ချုပ်နေဝင်းနှင့် ဇနီး ဒေါ်ခင်မေသန်းတို့၏ မိတ်ဆွေရင်းချာ ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် လွှတ်တော်အမတ် မိုက်မန်းစ်ဖီးလ် ခေါင်းဆောင်သော အမေရိကန် အထက်လွှတ်တော်မှ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်များ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး ရန်ကုန်မြို့တွင် လေးရက်ကြာ နေထိုင်ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ၀ါရှင်တန်သို့ သွားရောက်ခဲ့သည်။ ဤသည်မှာ မြန်မာခေါင်းဆောင်တစ်ဦး အမေရိကန်ပြည်ထောင်စုသို့ တရားဝင် သွားရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်သည်။ ပင်ဆယ်ဗေးနီးယားတစ်လျှောက် စစ်ရေးပြခြင်း၊ ထို့ပြင် အိမ်ဖြူတော် မြက်ခင်းပြင်၌ သေနတ် ၂၁ ချက် ဖောက်ကာ အလေးပြုခြင်းများ ပြုလုပ်ပြီး ဗိုလ်ချုပ်နေဝင်းအား ကြိုဆိုခဲ့သည်။ သမ္မတ လင်ဒန်ဘီဂျွန်ဆင် အပါအဝင် အမေရိကန်ခေါင်း ဆောင်များနှင့် တွေ့ဆုံကြသောအခါ ဗိုလ်ချုပ်နေဝင်းက ၎င်းတို့အား မြန်မာနိုင်ငံသည် တရားဝင်အားဖြင့် ကြားနေဖြစ်သည့်တိုင် အရှေ့တောင်အာရှဒေသတွင် ကွန်မြူနစ်တို့ကို ဟန့်တားနိုင်သည့် နိုင်ငံတစ်ခု ဖြစ်နိုင်ကြောင်း နားချသည်။ အမေရိကန်တို့ကလည်း ဗိုလ်ချုပ်နေဝင်းကို မိတ်ဖက်အဖြစ် သဘောထားကြောင်း ဆိုကြသည်။ အမေရိကန်ထံမှ စစ်ရေးအထောက် အပံ့ကို တိတ်တဆိတ် ပြန်လည် စတင်ရန်လည်း ဗိုလ်ချုပ်နေဝင်းက သဘောတူခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် IMF စသည့် အခြားသော အထောက်အပံ့များကိုလည်း ပြန်လည်လက်ခံခဲ့သည်။ အမေရိကန်မဟာမိတ်များ ဖြစ်ကြသော အနောက်ဂျာမနီဝန်ကြီးချုပ် ကာ့တ်ကီဆင်းဂျား၊ ဂျပန်ဝန်ကြီးချုပ် အိစာကုဆာတိုတို့က ရန်ကုန်မြို့သို့ အလည်အပတ်လာခြင်းများ ရှိခဲ့သကဲ့သို့ လော့ဒ်လူဝီ မောင့်ဘက်တန်ကဲ့သို့ ဗြိတိသျှ အထက်တန်းပုဂ္ဂိုလ်များလည်း လာရောက်ခဲ့သည်။

အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လာခဲ့သလောက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာမူ ဆုတ်ယုတ်လာသည်။ ၁၉၆၆ ခုနှစ်တွင် တရုတ်ပြည်၏ ယဉ်ကျေးမှု တော်လှန်ရေးကြီး အရှိန်အဟုန် ကောင်းနေသည်။ တရုတ်ပြည်က မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုဆက်ဆံရေး ကောင်းမွန် လာနေသည်ကို သတိကြီးစွာ စောင့်ကြည့်နေခဲ့သည်။ ၁၉၆၇ ခုနှစ် မေလက ရန်ကုန်မြို့တွင် ကွန်မြူနစ် ထောက်ခံသော တရုတ်လူမျိုး ကျောင်းသားများက မော်စီတုန်းတံဆိပ်များ ဝတ်ဆင်ကာ ယဉ်ကျေးမှု တော်လှန်ရေး ဆောင်ပုဒ်များကို ဟစ်ကြွေးပြီး ဆန္ဒပြကြသည်။ ရက်အနည်းငယ်အတွင်း တန်ပြန်ဆန္ဒပြသူများက ထိုကျောင်းသားများကို တိုက်ခိုက်ရာ အကြမ်းဖက်မှုများ ဖြစ်ပွား၍ တရုတ်လူမျိုး ဒါဇင်ချီ သေဆုံးပြီး ရာချီ ဒဏ်ရာရသည်။ တရုတ်သံရုံးလည်း ဝင်ရောက်စီးနင်းခံရပြီး တရုတ်ထောက်ပံ့ရေး အရာရှိတစ်ဦး အသတ်ခံရသည်။ မြန်မာစစ်တပ်နှင့် ရဲများက ထိုအကြမ်းဖက်မှုဖြစ်စဉ်ကို ဝင်ရောက်တားမြစ်ခြင်း မရှိခဲ့။ တရုတ်အစိုးရက ဒေါသူပုန်ထတော့သည်။ ဇူလိုင်လတွင် မြန်မာပြည်သူတစ်ရပ်လုံးက ‘ဖက်ဆစ်အစိုးရ အာဏာရှင် နေဝင်း’ ကို ဆန့်ကျင်ဆန္ဒပြရန် နှိုးဆော်ကြောင်း ပီကင်းရေဒီယိုက ပြောင်ပြောင်တင်းတင်းပင် ကြေညာလာသည်။

ထိုအချိန်က ဗမာ့ကွန်မြူနစ်ပါတီမှာ အလွန်ပင် အားနည်းနေလေသည်။ နှစ်ပေါင်း ၂၀ နီးပါး တိုက်ပွဲများ ဆင်နွှဲလာပြီးနောက် ပဲခူးရိုးမဘက်တွင် လက်ကျန်အင်အား သုံးလေးထောင်မျှသာ ရှိတော့သည်။ လာမည့် အန္တရာယ်ကို မှန်းဆနိုင်သဖြင့် ၁၉၆၇ ခုနှစ် ကုန်ခါနီးတွင် မြန်မာ့တပ်မတော်သည် ကွန်မြူနစ်သူပုန်များကို ချေမှုန်းရန် စစ်ဆင်ရေးများကို အရှိန်အဟုန် မြှင့်လိုက်ပြီး အဆုံးတွင် ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းကိုပါ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည်။ မူလ ကွန်မြူနစ် တော်လှန်ရေးကြီးမှာ ပြီးဆုံးလုနီးပါး ဖြစ်သွားသည်။

သို့သော် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ၌ ဗြိတိသျှလက်ထွက် ဒုတိယ ကမ္ဘာစစ် သူရဲကောင်း ဗိုလ်ချုပ်နော် ဆိုင်း လက်အောက်ရှိ ကွန်မြူနစ်တပ်များသည် လက်နက်အင်အား အပြည့်အစုံနှင့် ယူနန်ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည်။ ရက် သတ္တပတ်အနည်းငယ်အတွင်း တရုတ်နယ်စပ်တစ်လျှောက်တွင် ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ် မြောက်နယ်မြေ’ ဟူ၍ စတင်တည်ထောင်သည်။ နှစ်အနည်းငယ်အတွင်း ထိုနယ်မြေများထဲတွင် ဝတောင်တန်းဒေသများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများပါ ပါဝင်လာသည်။ ၁၉၄၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံဘက်တွင် နေထိုင်ကြသော ကွန်မြူနစ်များက ပန်ဆိုင်းမြို့၌ ဌာနချုပ် တည်သည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ရထားသည့် ထိုကွန်မြူနစ်လက်သစ်များသည် မိုးကုတ်မြို့မှသည် အနောက်ဘက်ရှိ မေမြို့၊ တောင်ဘက် ထိုင်းနယ်စပ်အထိ ဆင်းပြီး ကျူးကျော်လာသည်။ ကွန်မြူနစ် ပါတီအတွက် မူဝါဒ ချမှတ်ပေးသူ အားလုံးနီးပါးမှာ မြန်မာလူမျိုးများ ဖြစ်ကြသော်လည်း ကွန်မြူနစ် တပ်မတော်၏ အင်အားအများစုမှာ ကိုးကန့်လူမျိုး၊ ဝလူမျိုး၊ ကချင်လူမျိုး၊ ‘စေတနာ့ဝန်ထမ်း’ တရုတ်လူမျိုး အစရှိသော ဒေသခံ လူမျိုးစုများ ဖြစ်ကြသည်။ နှစ်ပေါင်း ၂၀ ကျော် မျှပင် မြန်မာ့တပ်မတော်သည်အသစ် ရရှိသော အမေရိကန် အထောက်အပံ့၊ ထို့ပြင် ဒေသခံ ကိုးကန့်နှင့် ရှမ်းပြည်သူ့စစ်များ၏ အကူအညီဖြင့် ကွန်မြူနစ်တို့ကို အပြင်းအထန် တိုက်ခိုက်ရင်း မနည်း ထိန်းထားရသည်။

၁၉၇၀ ပြည့်နှစ်များအတွင်း ဗိုလ်ချုပ်နေဝင်းက တရုတ်အစိုးရ နှင့် ဆက်ဆံရေး ပြန်လည်ပြေလည်နိုင်ရန် ကြိုးစားခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေး အဆုံးသတ်သွားပြီး မော်စီတုန်း ကွယ်လွန်ခြင်းနှင့်အတူ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာရာ ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန့်က သမိုင်းဝင် လာရောက်လည်ပတ်သည်အထိ ဖြစ်လာခဲ့သည်။ ဗမာ့ကွန်မြူနစ် ပါတီအား တရုတ်နိုင်ငံဘက်မှ အထောက်အပံ့ပေးခြင်း လျော့နည်းစ ပြုလာသော်လည်း ရပ်တန့်သွားခြင်းတော့ မရှိခဲ့ပေ။

၁၉၈၉ ခုနှစ်တွင် စစ်အေး တိုက်ပွဲကြီး အဆုံးသတ်သည်။ ဗမာ့ကွန်မြူနစ်ပါတီမှာလည်း ပါတီတွင်း ပုန်ကန်မှုကြောင့် ပြိုလဲသွားသည်။ ပါတီအင်အားစုများမှာ လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် အပိုင်းပိုင်း ကွဲသွားပြီး အဓိက အင်အားစုမှာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ဖြစ်လာသည်။ ထိုနှစ်မှာပင် မြန်မာအစိုးရနှင့် ကွန်မြူနစ် တပ်ဖွဲ့ဝင်ဟောင်း များအကြား အပစ်အခတ် ရပ်စဲရန် သဘောတူညီကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့် တံခါးပိတ် မူဝါဒများကို ဖျက်သိမ်းပစ်လိုက်သည်။ သို့သော် အချိန်ကိုက်ပင် ဒီမိုကရေစီ ဖော်ဆောင်ရန် တိုက်တွန်းသည့်အနေဖြင့်ဟု ဆိုကာ အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဖယ်ကြဉ်သွားသည်။

တစ်ဘက်တွင်မူ အရင်းရှင်ဝါဒ တစ်ခေတ်ဆန်းသည့် ကာလတွင် တရုတ်နိုင်ငံဘက်မှ စီးပွားရေး ချိတ်ဆက်မှုများကို အားကောင်းလာရန် ကြိုးပမ်းလာသည်။ ထိုအချိန်မှ နှစ်ပေါင်း ၃၀ ကြာ အထိ တရုတ်-မြန်မာနယ်စပ်တွင် စစ်အေးတိုက်ပွဲ၏ အကြွင်းအကျန်များ ဖြစ်ကြသော ကွန်မြူနစ် အင်အားစု ဟောင်းများ အခိုင်အမာ အမြစ်တွယ်လာခဲ့သည်။  

Most Read

Most Recent