ဗြိတိန်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်း မပြုကြရန် ဗြိတိန်အစိုးရက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်ကို ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က ထုတ်ပြန်ခြင်းဖြစ်ပြီး အကြံပြုချက်တွင် လုံးဝခရီးမသွားသင့်သော ဒေသများအဖြစ် မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးများအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နှင့် တနင်္သာရီတောင်ပိုင်းလည်း ပါဝင်သည်။
အကြံပြုချက်တွင် မဖြစ်မနေမှလွဲ၍ ခရီးမသွားသင့်သော ဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတောင်ပိုင်းနှင့် ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသတို့ကို ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရနိုင်သည့်အပြင် သတိပေးမှုမရှိဘဲ ပြောင်းလဲလွယ်သည့်သဘော ရှိနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတစ်လွှားတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ပစ်ခတ်မှုများနှင့် ဖောက်ခွဲမှုများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်။
တိုက်ခိုက်မှုများသည် ရန်ကုန်နှင့် နေပြည်တော်မြို့များအပါအဝင် အစိုးရအဆောက်အအုံများ၊ စစ်ဆေးရေးဂိတ်များနှင့် တပ်မတော်က ပိုင်ဆိုင်သည့် လုပ်ငန်းများကဲ့သို့သော တပ်မတော်နှင့် ဆိုင်သည့် သို့မဟုတ် တပ်မတော်နှင့် ဆက်နွှယ်နေသည့် နေရာများကို အဓိကပစ်မှတ်ထားပြီး ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။
သို့သော် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရှော့ပင်းမောများနှင့် ဝန်ဆောင်မှုများပေးသည့် အဆောက်အအုံများကဲ့သို့သော နိုင်ငံခြားသားများ ပုံမှန်အားဖြင့် ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည့် နေရာများအပါအဝင် ဖြတ်သွားဖြတ်လာအရပ်သားများကို ထိခိုက်စေနိုင်သည့် နေရာများ၌လည်း ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ထို့ပြင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် ရောက်ရှိနေသူများအနေဖြင့်လည်း နိုးကြားစွာ သတိရှိရှိဖြင့် နေကြရန်နှင့် ဒေသခံအကြံဉာဏ်များကို ရယူကြရန်လည်း သတိပေးထားသည်။
ဗြိတိန်က ၎င်းတို့ နိုင်ငံသားများအနေဖြင့် အထူးသဖြင့် မာရှယ်လောထုတ်ပြန်ထားသော မြို့နယ်များသို့ သွားရောက်ခဲ့လျှင် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များနှင့် တားမြစ်ကန့်သတ်ချက်များကို သေချာစွာသိရှိအောင် ပြုလုပ်သင့်ကြောင်းလည်း ဖော်ပြထားသည်။
ရန်ကုန်မြို့တွင် မာရှယ်လော ထုတ်ပြန်ထားသော မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့ ဖြစ်ကြသော်လည်း အပြောင်းအလဲများကိုလည်း သတိပြုကြရန် နှိုးဆော်ထားသည်။
၎င်းတို့ နိုင်ငံသားများအနေဖြင့် ပြင်းထန်သော မငြိမ်မသက်မှုများနှင့် ပဋိပက္ခများဖြစ်ပွားချိန်၌ မြန်မာနိုင်ငံမှ ထွက်ခွာရေးအတွက် FCDO က အကူအညီပေးနိုင်သည်ဟု မှတ်ယူမထားရန်လည်း သတိပေးထားသည်။
၎င်းတို့ နိုင်ငံသားများအနေဖြင့် ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းခံရပါက ဗြိတိန်သံရုံးသို့ ချက်ချင်း အကြောင်းကြားပေးရန် သက်ဆိုင်ရာရဲတပ်ဖွဲ့ သို့မဟုတ် အကျဉ်းထောင်အရာရှိများအား တောင်းဆိုကြရန်လည်း အကြံပြုထားသည်။
ဗြိတိန်နိုင်ငံ၏ ပင်လယ်ရပ်ခြားလုပ်ငန်းအန္တရာယ်ဆိုင်ရာ ဝန်ဆောင်မှုရုံးကလည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ လုံခြုံရေးအန္တရာယ်များအား မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ကို နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသည့် ဗြိတိန်ကုမ္ပဏီများအတွက် အကြံပေးအချက်အလက်များ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုထုတ်ပြန်ချက်ကို ဗြိတိန်အစိုးရအနေဖြင့် ယခုခုနှစ် ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် နောက်တစ်ကြိမ် ထပ်မံထုတ်ပြန်ခြင်းလည်း ဖြစ်သည်။
''၂၀၂၂ ခုနှစ်က အမေရိကန်နှင့် ဗြိတိန်ထုတ်ပြန်ချက်''
လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များ အပါအဝင် အထင်ကရနေ့များတွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ရှန်ဂရီလာ (Shangri-La)၊ Lotte ဟိုတယ်ကြီးများ၊ တပ်မတော်နှင့်ဆက်စပ်သည့် စားသောက်ဆိုင်၊ ဘားစသည့် လူစည်ကားရာနေရာများသို့ မသွားကြရန် အမေရိကန်နှင့် ဗြိတိန်သံရုံးများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်များအရ အထင်ကရနေ့များတွင် လူစည်ကားရာ နေရာများအပါအဝင် ရန်ကုန်နှင့် နေပြည်တော်ရှိ ဟိုတယ်ကြီးများနှင့် အနီးတစ်ဝိုက်များမှာ တိုက်ခိုက်မှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် ယင်းသံရုံးနှစ်ခုက သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ကို ထောက်ပံ့ရန်ပါဝင်သည့် Burma Act ပါ အမေရိကန်ကာကွယ်ရေးဌာန၏ ဧရာမကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းဖြစ်သော အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြုပြီးနောက် ယင်းသံရုံးနှစ်ရုံးက သတိပေးချက်များ ထုတ်ပြန်လာခြင်းဖြစ်သည်။
ယင်းသို့ NDAA တွင်ပါဝင်သည့် Burma Act အရ အမေရိကန်အစိုးရ အသုံးစရိတ်ထဲမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀ နှင့် ငါးနှစ်စာချထားပေးရန်လည်းကောင်း၊ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၂၂၀ ပေးရန်လည်းကောင်း ပါဝင်ပြီး မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အကူအညီများရရှိမည်ဖြစ်သည်။
ယင်းဥပဒေအရ NUG၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) အပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကို နည်းပညာနှင့် လူကို သေစေနိုင်ခြင်းမရှိသောအရာများ ထောက်ပံ့ကူညီပေးရန် ကိစ္စရပ်များ ပါရှိသည်။
အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ထိုသို့ထုတ်ပြန်ခဲ့သော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသည် စုစုပေါင်း ၉၂၀၂၅ ဦး ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု ၇၈ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုသည်။
''လုံခြုံရေးအခြေအနေ''
လက်ရှိတွင် မြန်မာနိုင်ငံ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးက မြို့နယ်အချို့ကို နစကက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
နစကတာဝန်ယူပြီး နှစ်နှစ်ပြည့်မြောက်ချိန်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ် ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)၊ (၂/၂၀၂၃)၊ (၃/၂၀၂၃)၊ (၄/၂၀၂၃)၊ (၅/၂၀၂၃) နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာခြင်း ခံခဲ့ရသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည်နယ်မှ လေးမြို့နယ်၊ မွန်ပြည်နယ်မှ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်နှင့် တနသာင်္ရီတိုင်းမှ နှစ်မြို့နယ်တို့ ဖြစ်ကြသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်၊ ထွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့လည်းကောင်း အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့်အမှတ် (၂/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့်အမှတ် (၃/၂၀၂၃)ဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်မြို့နယ်တို့ကို အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးထံသို့ လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အမှတ်(၆/၂၀၂၃) ဖြင့် ဒေသကွပ်ကဲရေးမှူးထံသို့ုလည်းကောင်း အသီးသီးစစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။
စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာခြင်းမဟုတ်ကြောင်း၊ လာမည့် ခြောက်လတာကာလအတွင်း အဆိုပါ ဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟုယူဆကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ထားသည့်နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ထားခြင်းမရှိသည့်နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန်ခက်ခဲသည့်နေရာများကိုသာ စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မတ်လကလည်း ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ် မေလတွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်း ကိုးခုမှ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် တနသာင်္ရီတိုင်းတွင် နှစ်မြို့နယ်တို့ကို နစကက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်း ကိုးခုအနက် စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်က ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယ အသီးသီး ကြေညာခံထားရသည်။
''ထိခိုက်နိုင်မလား''
အနောက်နိုင်ငံများက မြန်မာနိုင်ငံသို့ ခရီးမသွားရန် ထုတ်ပြန်နေကြသော်လည်း လာမည့်ခရီးသွားရာသီတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်၊ အိန္ဒိယနှင့် ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ အလုံးအရင်းလာရောက်လည်ပတ်ရန် အဓိကမျှော်လင့်ထားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှုတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗြိတိန်နှင့် ရုရှားတို့ ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလွယ်ကူစွာ လာရောက်လည်ပတ်နိုင်စေရေးအတွက် ပြည်ဝင်ခွင့်ဗီဇာစနစ်နှင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းတို့ကိုလည်း မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားမှုကို ယခုနှစ် ဩဂုတ် ၃၀ ရက်က စတင်ခွင့်ပြုပေးခဲ့သည်။
ထို့အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်ရခရီးသွားကုမ္ပဏီများ၏ စီစဉ်မှုဖြင့် လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအား ခရီးစဉ် အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လကုန်အထိ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၇၁၆၂ ဦးတို့၏ ခရီးစဉ်များကို ညှိနှိုင်းဆေင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မကြာမီတွင် မြန်မာနိုင်ငံ၏ ခရီးသွားရာသီ စတင်တော့မည်ဖြစ်သောကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် သာယာလှပသည့် ခရီးစဉ်ဒေသများစွာ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအို စသည့် ခရီးစဉ်ဒေသ ၁၄ ခုတို့၏ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဦးစားပေးသွားရောက်လည်ပတ်နိုင်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ သုံးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါပြည်ပခရီးသွား သုံးသိန်းကျော်သည် လေကြောင်းလိုင်းများအပြင် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာကြသည့် စာရင်းများဖြစ်ပြီး အများဆုံးဝင်ရောက်သည့်နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့ဖြစ်ကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ်က ယခုလိုအချိန်မျိုးတွင် ပြည်ပခရီးသွား ခြောက်သောင်းကျော်သာရှိသည့်အတွက် ၂၀၂၃ ခုနှစ်၌ ပြည်ပခရီးသွား ငါးဆခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့ကြောင့် အနောက်နိုင်ငံများက ၎င်းတို့နိုင်ငံသားများကို မြန်မာနိုင်သို့ ခရီးမသွားရန် ထုတ်ပြန်မှုများသည် ယခင်က မြန်မာနိုင်ငံသို့ ရောက်ရှိဖူးသည် ပြည်ပခရီးသွားများအပေါ် ထိခိုက်မှုမရှိသော်လည်း ခရီးသွားအသစ်များကိုမူ ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်မှုများ ရှိနေသည်။
သို့သော် ထိုအခြေအနေသည် ယခုနှစ်မှ စတင်ဖြစ်ပေါ်နေခြင်းမျိုးမဟုတ်ဘဲ ပြီးခဲ့သည့်နှစ်ကတည်းက ကြုံတွေ့ထားပြီးဖြစ်သည့်အတွက် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် သိသိသာသာထိခိုက်မှုမရှိနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။