မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ယခင်နှစ်ကာလတူထက် များလာကြောင်း သိရ

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ယခင်နှစ်ကာလတူထက် များလာကြောင်း သိရ
Published 11 February 2018

မန္တလးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူသည် ယခင်နှစ် ၂၀၁၇ ခုနှစ်၏ ဇန်နဝါရီထက် များလာကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး)မှ သတင်းရရှိသည်။

မန္တလေးခရိုင်၌ ဇန်နဝါရီအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု နှိုင်းယှဉ်ချက်များကိုကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ယာဉ်တိုက်မှု ၃၀၊ သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရရှိသူ ၂၁ ဦးရှိပြီး ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၄၁ မှု၊ သေဆုံးသူ ၃၀၊ ဒဏ်ရာရရှိသူ ၂၂ ဦးရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ၂၅ မှု၊ သေဆုံးသူ ၂၀၊ ဒဏ်ရာရရှိသူ ၁၇ ဦးရှိပြီး ကားပါဝင်သော ယာဉ်တိုက်မှု ၁၆ မှု၊ သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရရှိသူ ငါးဦးရှိခဲ့သောကြောင့် ဆိုင်ကယ်ကြောင့်ဖြစ်သော ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်နေကြောင်း သိရသည်။

ယာဉ်တိုက်မှုများသည် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း အများဆုံးဖြစ်နေပြီး ဒုတိယအများဆုံးသည် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ဖြစ်ပွားနေကြောင်း၊ မဆင်မခြင်မောင်းနှင်မှုကြောင့်လည်း အများဆုံးဖြစ်နေပြီး အရှိန်ပြင်းမောင်းနှင်မှုနှင့် ယာဉ်မောင်းမကျွမ်းကျင်မှုကြောင့်လည်း ပါဝင်နေကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းနှင်သူ အများစုက ဆိုင်ကယ်ဦးထုပ် မဆောင်းကြတာ များနေတာကို တွေ့နေရတယ်ဗျာ။ ဦးထုပ်က ကိုယ့်အသက်အတွက် အရမ်းအရေးကြီးတယ်ဆိုတာကို လူတိုင်းသိစေချင်တယ်။ ယာဉ်တိုက်မှုဖြစ်ရင် ခန္ဓာကိုယ် အောက်ပိုင်းထက်ခေါင်းထိရင်တော့ အသက်ဆုံးရှုံးကြတယ်။ ဆိုင်ကယ်စီးရင် ဦးထုပ်က အရမ်းကို အရေးကြီးပါတယ်။ လူငယ်တွေကိုလည်း ဦးထုပ်ဆောင်းဖို့ရယ်၊ စည်းကမ်းရှိရှိ ဆိုင်ကယ်မောင်းနှင်ဖို့အတွက် အုပ်ထိန်းသူတွေက ပညာပေးတွေ ပြောပေးကြရင် ယာဉ်တိုက်မှုကြောင့်ဖြစ်တဲ့ လူအရင်းအမြစ် ဆုံးရှုံးမှုတွေ လျော့ကျသွားမှာပါ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေးအတွက် မြို့တွင်း၊ မြို့ပြင်လမ်းပိုင်းအလိုက် စစ်ဆေး၊ ပညာပေးရပ်များကို သတ်မှတ်ကာ စည်းကမ်းပျက်ယာဉ်များအား စစ်ဆေး အရေးယူခြင်းအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး) သိရသည်။

Most Read

Most Recent