NLD လွှတ်တော်ကိုယ်စားလှယ်အချို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဆက်သွယ်လာမှုများရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

NLD လွှတ်တော်ကိုယ်စားလှယ်အချို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဆက်သွယ်လာမှုများရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 July 2022

ပြည်ပသို့ရောက်ရှိနေသည့် ၂၀၂၀  တွင် NLD ပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဆက်သွယ်လာမှုများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

ဇူလိုင် ၁ ရက်က နေပြည်တော်တွင်ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲ၌ ထိုင်း-မြန်မာနယ်စပ်တွင် ကြိုဆိုရေးစခန်းများ ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ သတင်းဌာနတစ်ခု၏မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမှာ စေတနာထားပြီး တိုက်တွန်းလိုတာကတော့သူတို့တင်မကပါဘူး။တချို့သော အဲဒီမှာ ကျွန်တော် သိရတဲ့  သတင်းအရ တချို့တချို့သော လွှတ်တော်အမတ်ပေါ့၊ လွှတ်တော်အမတ်ထဲမှာမှ ထင်ရှားတဲ့ လွှတ်တော်အမတ်တွေတော့ မဟုတ်ဘူး။ NLD ဘက်ကလွှတ်တော် အမတ်တွေပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာမှ သူက ပထမဦးဆုံးအကြိမ် ဝင်ရောက်အရွေးခံရတဲ့ လွှတ်တော်အမတ်တွေ ဖြစ်တယ်။ ငယ်လည်း ငယ်ပါသေးတယ်။ တချို့လွှတ်တော်အမတ်တွေလည်း အဲ့ဘက်မှာ ရောက်နေတာရှိတယ်။ သို့သော် သူတို့ အနေနဲ့က နိုင်ငံရေးကို ဆောင်ရွက်တဲ့အခါမှာ သူတို့ရဲ့ မူလခံယူချက်အတိုင်းပဲ၊ မိမိတိုင်းပြည်ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ၊ ပြီးတော့ အားလုံးက ပြေးပြေးဆိုတဲ့အခါမှာ ဘုမသိ ဘမသိနဲ့ပေါ့၊ ပြေးရတဲ့အထဲမှာ ပါတယ်။ ဟိုရောက်တော့ လူရာသွင်းခြင်းလည်း မခံရဘူး။ တော်တော်ကို ဒုက္ခရောက်နေတဲ့ လူတွေရှိပါတယ်။ ဒါမျိုးတွေလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာတွေ၊ သတင်းပေးလာတာတွေရှိပါတယ်။ ကျွန်တော်တို့ ဒီကြေညာချက်ထဲမှာ လူငယ်လူရွယ်တွေ၊ CDM လုပ်တဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေလို့ အဓိကထား ခေါင်းစဉ်တပ်ပေမယ့် ဒါမျိုးလူမျိုးတွေလည်း ပါပါတယ်လို့ ကျွန်တော်အနေနဲ့ အသိပေးလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် အိမ်ပြန်ချင်နေကြသည့် လူငယ်များစွာရှိသည်ကို ၎င်းတို့ကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားသည့် Post  များ၊ ၎င်းတို့ကိုယ်တိုင်လုပ်နေသည့် အရာများအရသိရပြီး မိဘများအနေဖြင့်လည်း အစိုးရကို မေတ္တာရပ်ခံခဲ့ခြင်းများရှိခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းပေါ်မှ မည်သည့်အချိန်မှ သွေဖယ်သွားမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲ့တော့ အားလုံးလိုချင်နေတာလည်း ဒါပဲမဟုတ်ဘူးလား။ အားလုံးသည် ရည်မှန်းချက်တူပြီး ဖြစ်ပါတယ်။ ပြောရရင်တော့ အားလုံးသည် မဟာဗျူဟာအရ တူပြီးဖြစ်တယ်။ အဲ့တော့ လုပ်ငန်း လုပ်ဟန်တွေမှာသာ ကွဲပြားခြားနားချင် ကွဲပြားနေမှာ ဖြစ်ပါတယ်။ ပေါင်းစုံလို့ ရပါတယ်။ ပေါင်းစုံလို့ရတာ ဖြစ်တဲ့အတွက် အားလုံး သည် နိုင်ငံရေးရည်မှန်းချက်အရပဲ သွားသည်ဖြစ်စေ၊ ခြိမ်းခြောက်ခံရလို့သွားသည် ဖြစ်စေ၊ ဘယ်လိုနည်းနဲ့ သွားသည်ဖြစ်စေ၊ သူများနေရာတွေမှာတော့ ဒုက္ခခံမနေပါနဲ့။ သူများနေရာတွေမှာတော့ အသေခံမနေပါနဲ့။ မိမိတို့လုပ်မယ့်၊ မိမိတို့လိုချင်တဲ့ဒီမိုကရေစီစနစ်ထူထောင်ရေးဆိုတာလည်း ကျွန်တော်တို့ အာမခံပြီးဖြစ်တယ်။ အာမခံပြီးဖြစ်တဲ့အတွက် အားလုံးက ၀ိုင်းဝန်းပြီးပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက နစကဥက္ကဋ္ဌနှင့် လာရောက်တွေ့ဆုံခဲ့ပြီး တွေ့ဆုံရာတွင် အစိုးရမှ ထုတ်ပြန်ထားသည့် ကြေညာချက်များနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးရေးအတွက် ဆွေးနွေးခဲ့ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးမည်ဟု ထိုင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ယခင်၁၉၈၈ ခုနှစ်တွင် ယခုကဲ့သို့ပင် ထိုင်းနိုင်ငံတွင်  ဒုက္ခရောက်နေသူများ ရှိခဲ့ကြောင်း၊  ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ပြီး ဒုက္ခရောက်နေသူများရှိကြောင်း၊ ထိုသို့ ဒုက္ခ ရောက်နေသူများနှင့်ပတ်သက်ပြီး ကြိုဆိုလက်ခံရေးစခန်းများ မြန်မာဘက်တွင် သာမက ထိုင်းဘက်တွင်လည်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ရခြင်းများရှိခဲ့ကြောင်း၊ လက်ရှိတွင်လည်း မိမိတို့အနေဖြင့် လုံခြုံစိတ်ချရသည့်ကြိုဆိုလက်ခံရေးစခန်းများကို ဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဟိုဘက်မှာလည်း သံရုံးရှိတယ်၊ ပြီးရင် ထိုင်းနဲ့ကပ်လျက်နေရာတွေမှာ ကျွန်တော်တို့အနေနဲ့ ကောင်စစ်ဝန်ရုံးတွေ ရှိပါတယ်။ ဒီဟာတွေကိုလည်း သတင်းပို့နိုင်ပါတယ်။ ဒါထက်လည်းတိုးချဲ့ပြီး လုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent