မြစ်ရေကြီးမှုဘေးကြုံတွေ့လာပါက အရေးပေါ်ကူညီဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၌ ကြိုတင်ပြင်ဆင်နေ

မြစ်ရေကြီးမှုဘေးကြုံတွေ့လာပါက အရေးပေါ်ကူညီဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၌ ကြိုတင်ပြင်ဆင်နေ
Published 10 July 2024

မြစ်ရေကြီးမှုဘေးကြုံတွေ့လာပါက အရေးပေါ်ကူညီဆောင်ရွက်နိုင်ရန်  ဧရာဝတီတိုင်းဒေသကြီး၌ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်းများမှ ပြင်ဆင်နေခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးဆိုင်ရာလိုအပ်သည့်ပစ္စည်းများပါ အသင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

"မြန်မာပြည်အထက်ပိုင်းက မြစ်ရေရေတွေဆင်းလာရင်  ဧရာဝတီရဲ့အထက်ပိုင်းမှာကတော့ ကျွန်တော်တို့ ဒေသတွေက နဖူးတွေ့ ဒူးတွေ့ကြုံရပါတယ်။ မြစ်ရေကြီးမှုက ရေခံအခြေအနေပေါ်လည်းမူတည်ပါတယ်။ မြစ်ရေကြီးမှုဘေးနဲ့ ကမ်းပြိုဘေးက ကျွန်တော်တို့ဒေသဘက်မှာ နှစ်တိုင်းလိုလိုကြုံတွေ့ပါတယ်။ နည်းတာနဲ့များတာပဲကွာပါတယ်။ ၂၀၁၅ တုန်းကတော့ မြစ်ရေကြီးမှုသိသိသာသာကြုံတွေ့ခဲ့တယ်။ အကူအညီလိုအပ်တဲ့နှစ်တွေတိုင်းမှာ ကျွန်တော်တို့ခရိုင်ကွန်ရက်အနေနဲ့ ဒေသတွင်းရော အခြားဒေသက ညီနောင်ပရဟိတအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ကူညီခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေပေါ်မူတည်ပြီး ထိရောက်စွာတုံ့ပြန်နိုင်မယ့် သဘာဝဘေးစီမံချက်ကိုလည်း ရေးဆွဲထားပါတယ်။ ကျန်းမာရေးဆိုင်ရာကိစ္စတွေအတွက် လိုအပ်ရင်ကူညီနိုင်ဖို့ ကျွန်တော်တို့ခရိုင်ကွန်ရက်ရုံးနဲ့ ညီနောင်ပရဟိတအဖွဲ့တွေမှာလူနာတင်ယာဉ်တွေအသင့်ရှိပြီးဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အသုံးပြုနိုင်ဖို့အတွက် သီးခြားယာဉ်စီမံထားတာလည်းရှိပါတယ်"ဟု ဟင်္သာတခရိုင်ပရဟိတကွန်ရက်မှ တာဝန်ခံခေါင်းဆောင်က ဖြေကြားသည်။

  သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်နိုင်ရန် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် လူအင်အားအသင့်စုဖွဲ့ထားမှုများ လည်း ဆောင်ရွက်ထားကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့အတူ မြို့နယ်တွေမှာ တပ်စုတစ်စု (၃၅)ယောက်စီ အသင့်ပြင်ဆင်ထားပါတယ်။ အထက်အကြီးအကဲတွေရဲ့လမ်းညွှန်မှုနဲ့ ဘေးဖြစ်ရာနေရာကို အရေးပေါ်ထွက်ခွာကူညီနိုင်ဖို့ အသင့်စီမံထားပါတယ်။ မြစ်ရေကြီးမှုဘေး အသိပညာပေးတာတွေ၊  မိုးဇလထုတ်ပြန်ချက် ကြေညာတာတွေ၊ ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းပေးတာတွေကိုလည်း ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ခရိုင်မီးသတ်အနေနဲ့လည်း ဘေးဖြစ်ရာဒေသကို ခရိုင်အင်အားနဲ့ မြို့နယ်တွေရဲ့ထုတ်နူတ်အင်အားပူးပေါင်းဆောင်ရွက်နိုင်ဖို့စီမံထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးကော်မတီမှာ မီးသတ်ဦးစီးဌာနနဲ့အတူ ဆက်စပ်ဌာနတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အနီးကပ်ချိတ်ဆက်ထားပါတယ်။ သဘာဝဘေးကြုံတွေ့လာရင် သတင်းရရချင်း အမြန်ဆုံးသွားရောက်ကူညီနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒေသဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ကွင်းဆင်းစိစစ်မှုတွေ ဆောင်ရွက်နေပါတယ်"ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။     

ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကိုလည်း မီးသတ်ဦးစီးဌာနမှ ပုသိမ်မြို့၌ ယခုရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent