ဘန်ကောက်မြို့ ရာဝရရပ်ကွက် မီးလောင်မှုတွင် မြန်မာလုပ်သားအချို့နေထိုင်သည့် အဆောက်အအုံများလည်း ပါဝင်၊ နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်များ မီးလောင်ခံရ

ဘန်ကောက်မြို့ ရာဝရရပ်ကွက် မီးလောင်မှုတွင် မြန်မာလုပ်သားအချို့နေထိုင်သည့် အဆောက်အအုံများလည်း ပါဝင်၊ နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်များ မီးလောင်ခံရ
Published 9 July 2024

ဘန်ကောက်မြို့ ရာဝရရပ်ကွက် မီးလောင်မှုတွင် မြန်မာလုပ်သားအချို့နေထိုင်သည့် အဆောက်အအုံများလည်း ပါဝင်ခဲ့ပြီး နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်များ မီးလောင်ခံရကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ တရုတ်တန်းခေါ် ရာဝရရပ်ကွက်တွင် ဇူလိုင် ၆ ရက် ည ၈ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အဆောက်အဉီများနှင့် ဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး လူပေါင်း ၁၂၀ ခန့် အိုးမဲအိမ်မဲ့ဖြစ်ခဲ့သည်။

ယင်းသို့ မီးလောင်ကျွမ်းမှုတွင် မြန်မာနိုင်ငံသားများနေထိုင်သည့် အဆောက်အအုံများလည်းပါဝင်ပြီး မြန်မာသံရုံးမှ တာဝန်ရှိသူများက မီးဘေးသင့်များအားထားရှိသည့် Wat Samphanthawongsaram Worawihan ထိုင်းဘုန်းတော်ကြီးကျောင်းသို့ ဇူလိုင် ၈ ရက်နံနက်ပိုင်းတွင် သွားရောက်၍ မီးဘေးဒဏ်သင့် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာ၌ မီးဘေးဒဏ်သင့် မြန်မာနိုင်ငံသား အမျိုးသားခြောက်ဦး၊ အမျိုးသမီးငါးဦး၊ ကလေးငယ် တစ်ဦး၊ စုစုပေါင်း ၁၂ ဦးမှာ အဆိုပါဘုန်းတော်ကြီးကျောင်း၌ ယာယီနေထိုင်လျက်ရှိကြောင်း၊ ၎င်းတို့အနက် သုံးဦ၏ နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်တို့သည် မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

မြန်မာသံရုံးမှ တာဝန်ရှိသူများအနေဖြင့် အထောက်အထားများ ဆုံးရှုံးခဲ့ရသည့် မြန်မာအလုပ်သမားများ ၎င်းတို့၏ မူလလုပ်ငန်းခွင်များ၌ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ နေအိမ်ငှားရမ်းနေထိုင်နိုင်ရေးတို့အတွက် ထိုင်းဘက်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ သံရုံးတာဝန်ရှိသူများမှ မီးဘေးသင့် မြန်မာလုပ်သားများအား လာရောက်တွေ့ဆုံစဉ် မတွေ့ရှိနိုင်ခဲ့သော မီးဘေးသင့်မြန်မာလုပ်သားများအနက် နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားအထောက်အထားလက်မှတ်များ မီးလောင်ဆုံးရှုံးခဲ့သူများရှိပါက မြန်မာသံရုံးနှင့် ထပ်မံဆက်သွယ်အမည်စာရင်းပေးပို့နိုင်ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent