၂၀၂၁ ခု နှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၄၈၈၄ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၁ ရာခိုင်နှုန်းကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ် ဇန်နဝါရီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်ခြံမြေကဏ္ဍတွင် ၃၀၇၁ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ကျပ် ၁၈၆၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင်ကျပ်၂၅၅၆ ဘီလျံကျော်၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဘီလျံကျော်၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ကျပ် ၁၁၂၅ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဘီလျံကျော်၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ် ၃၂၄ ဘီလျံကျော်၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဏ္ဍတွင် ကျပ် ၃၄၇ ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင်ကျပ် ၂၂၈ ဘီလျံကျော်၊ သတ္တုကဏ္ဍတွင် ကျပ် ၇၅ ဘီလျံကျော်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၂ ဘီလျံကျော်နှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဏ္ဍတွင် ကျပ် ၁၃ ဘီလျံ ကျော်မြှုပ်နှံ ထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၃၀ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်း ကျော်အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင် ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက် ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်း အပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံထပ်မံ တိုးမြှင့်ဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင် ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့်ပြုပေးခဲ့သည်။
အခြားတစ်ဖက်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်းခွင့်ပြုပေးခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုခွင့်ပြုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာထားသည်။