၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအသင်း ဇန်နဝါရီ ၁၀ ရက်မှစ၍ လေ့ကျင့်မှုစတင်ပြုလုပ်

၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအသင်း ဇန်နဝါရီ ၁၀ ရက်မှစ၍ လေ့ကျင့်မှုစတင်ပြုလုပ်
Photo: MFF
Photo: MFF
Published 12 January 2022

 

မြန်မာ ယူ-၂၃ အသင်းသည် ဖေဖော်ဝါရီတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ဇန်နဝါရီ ၁၀ ရက်မှစ၍ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယင်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၀ ရွေးချယ်ထားပြီး စပိန်ဒုတိယတန်းကလပ် လီဟာနက်စ်လူငယ်အသင်းတွင် ကစားနေ သည့် အာသာဖလည်း ပါဝင်နေသည်။ မြန်မာ ယူ-၂၃ အသင်းသည် အာဆီယံ ယူ-၂၃ ချန် ပီယံရှစ်ပြိုင်ပွဲအတွက် တစ်လကျော် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး ပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲများ ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲဗီဇသစ်တွေ့ရှိမှုကြောင့် နိုင်ငံအများစုတွင် ပြည်ပနိုင်ငံသားများ ဝင်ရောက်မှုကန့်သတ်ထားခြင်း၊ Quarantine ဝင်ရသည့် ရက်အရေအတွက် တိုးမြှင့်ထားခြင်းတို့ကြောင့် မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲကစားခွင့်ရရန် အခက်တွေ့ဖွယ်ရှိ နေပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ကစားခွင့်ရရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။

မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကစားသမားသစ်အချို့ကို အားဖြည့်ရွေးချယ်ထားသည်။ မြန်မာအသင်းအနေဖြင့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြိုင်ပွဲနှစ်ခုစလုံးအတွက် တစ်ပေါင်းတည်းပြင်ဆင်လျက်ရှိသည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄  ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အဖွဲ့ချုပ်သက်တမ်းတစ်လျှောက် ကျင်းပလာသည့် ပြိုင်ပွဲတိုင်းကို အုပ်စုနှစ်ခုခွဲ၍ ပြုလုပ်ခဲ့သော်လည်း လာမည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကိုမူ အုပ်စုသုံးခုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ 

အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (A) တွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့နှင့် ကျရောက်နေပြီး အုပ်စု (B) တွင် အိမ်ရှင်ကမ္ဘောဒီးယား၊  တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အုပ်စု (C) တွင် ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုသုံးခုမှ ထိပ်ဆုံးသုံးသင်းနှင့် ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံး အသင်းတို့မှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအနေအထားနှင့် ဆီမီးဖိုင်နယ်တက်ရောက် ခွင့်ပေးမည့်ပုံစံအရ နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

AFF သည် ယခုပြိုင်ပွဲကို ၂၀၂၂ ခုနှစ်အတွင်းကျင်းပမည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၃ ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲတို့ အတွက် ရည်ရွယ်ကာ နှစ်ဆန်းပိုင်းတွင် ပြုလုပ်ခြင်းဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲကို ၂၀၀၅ နှင့် ၂၀၁၉ ခုနှစ် နှစ်ကြိမ်သာ ပြုလုပ်ဖူးပြီး ယခုအကြိမ်မှာ တတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ၂၀၀၅ ပြိုင်ပွဲတွင် တတိယရပြီး ၂၀၁၉ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

Most Read

Most Recent