မြန်မာ ယူ-၂၃ အသင်းတွင် အာသာဖ ရွေးချယ်ခံရပြီးနောက် ပြည်ပရောက် မြန်မာဘောလုံးသမားအချို့ လက်ရွေးစင်အသင်းများတွင် ထပ်မံရွေးခံရဖွယ်ရှိ

မြန်မာ ယူ-၂၃ အသင်းတွင် အာသာဖ ရွေးချယ်ခံရပြီးနောက် ပြည်ပရောက် မြန်မာဘောလုံးသမားအချို့ လက်ရွေးစင်အသင်းများတွင် ထပ်မံရွေးခံရဖွယ်ရှိ
Photo: Arthurpha Instagram
Photo: Arthurpha Instagram
Published 12 January 2022

 

၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်း ပဏာမလူစာရင်းတွင် စပိန်ဒုတိယတန်းကလပ် လီဟာနက်စ်လူငယ်အသင်းတွင် ကစားနေသည့် တောင်ပံတိုက်စစ်ကစားသမား အာသာဖ ရွေးချယ်ခံရပြီးနောက် ပြည်ပရောက် မြန်မာဘောလုံးသမားအချို့ လက်ရွေးစင်အသင်းများတွင် ထပ်မံရွေးချယ်ခံရဖွယ်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာဘောလုံးသမားများမှာ မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် လာရောက်ကစားပေးရန် ဆန္ဒရှိသော်လည်း ယခင်က အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ် ခဲ့ပြီး ပထမဆုံးလာရောက်ကစားနိုင်သူအဖြစ် အာသာဖက မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။  

ယခုနောက်ပိုင်းနှစ်များတွင် လက်ရွေးစင် အသင်းကိုယ်စားပြုကစားခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ဆက်သွယ်ထားသူများရှိကြောင်း သိရသည်။ MFF အနေဖြင့်လည်း လက်ရွေးစင်အသင်းအသီးသီးတွင် ကိုယ်စားပြုကစားရန် ဆန္ဒရှိသူများကို ရွေး ချယ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

"လက်ရွေးစင်အသင်းတွေမှာ ကိုယ်စားပြုကစားခွင့်ရဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်ထားတဲ့သူတွေအပြင် တခြားလာရောက်ကစားချင်တဲ့သူတွေလည်း ရှိပါတယ်။ လာရောက်ကစားလို့ အဆင်ပြေတဲ့သူတွေကို သက်ဆိုင်ရာအသင်းနည်းပြချုပ် တွေနဲ့ ညှိနှိုင်းပြီး သင့်တော်တယ်ဆိုရင် ရွေးချယ်သွားဖို့ရှိပါတယ်" ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာဘောလုံးသမားအချို့မှာ ၂၀၁၀ နောက်ပိုင်းတွင် လက်ရွေးစင်အသင်း ကိုယ်စားပြုကစားခွင့်ရရန် ကြိုးပမ်းလာသော်လည်း Passport ကိစ္စအဆင်မပြေမှုကြောင့် လာရောက်ကစားနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အရှေ့တောင်အာရှနိုင်ငံများမှ လက်ရွေးစင်အသင်းများအနေဖြင့် ပြည်ပတွင် နေထိုင်သည့် ကစားသမားများကို လက်ရွေးစင်အသင်းများတွင် ရွေးချယ်အသုံးပြုလျက်ရှိပြီး မြန်မာ ယူ-၂၃ အသင်း အပြီးသတ်လူစာရင်းတွင် အာသာဖ ရွေးချယ်ခံရပါက မြန်မာအသင်းများတွင် ပထမဆုံးအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၄-၃-၃ ကစားကွက် အခြေခံကစားခြင်းဖြစ်ပြီး အာသာဖမှာမူ တောင်ပံတိုက်စစ်နေရာတွင် ကစားသောကြောင့် အသင်းကစားကွက်နှင့် အံဝင်ဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်းအပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများအနေဖြင့် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေ ဖြင့် ပြိုင်ပွဲ ၁၀ ခုဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent