ကစားသမားဘဝမှ အနားယူကြောင်း အီတလီဝါရင့်နောက်ခံလူ ဘိုနူချီ ကြေညာခဲ့ပြီး ကွင်းတွင်းကွင်းပြင်တွင် မိမိ၏အကောင်းဆုံးပုံစံကို ပြသနိုင်ရန်ကြိုးစားခဲ့ဟုဆို

ကစားသမားဘဝမှ အနားယူကြောင်း အီတလီဝါရင့်နောက်ခံလူ ဘိုနူချီ ကြေညာခဲ့ပြီး ကွင်းတွင်းကွင်းပြင်တွင် မိမိ၏အကောင်းဆုံးပုံစံကို ပြသနိုင်ရန်ကြိုးစားခဲ့ဟုဆို
Photo: Bonucci X
Photo: Bonucci X
Published 27 May 2024

တူရကီကလပ် ဖီနာဘာချီအသင်းတွင်ကစားနေသည့် အီတလီဝါရင့်နောက်ခံလူ ဘိုနူချီသည် ယခုရာသီကုန်တွင် ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် (၃၇)နှစ်အရွယ်ရှိ ဘိုနူချီသည် ပြီးခဲ့သည့် မေ (၂၆) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော ၂၀၂၃- ၂၄ ရာသီ တူရကီစူပါလိဂ်ရာသီပိတ်ပွဲစဉ် (၃၈) ဖီနာဘာချီ - အစ္စတန်ဘူလ်စပေါ ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် (၁၉)နှစ်ကြာ ဖြတ်သန်းခဲ့သည့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အီတလီကလပ် ဗိုက်တာဘီစီအသင်းအကယ်ဒမီမှထွက်ပေါ်လာသည့် ဘိုနူချီသည် ၂၀၀၅ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့သော်လည်း ပွဲကစားခွင့်မရခဲ့ဘဲ အငှားကစားသမားဘဝဖြင့်သာ ကျင်လည်ခဲ့ရသည်။

ထို့နောက် ဘိုနူချီသည် ၂၀၀၉ ခုနှစ်တွင် ဘာရီအသင်းသို့ပြောင်းရွှေ့ခဲ့ပြီးနောက် အရည်အသွေးမြင့်နောက်ခံလူတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့သလို၊ ၂၀၁၀ ခုနှစ်တွင် စီးရီးအေထိပ်သီးကလပ်အသင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းသို့ပြောင်းရွှေ့ကာ ကမ္ဘာ့အဆင့် နောက်ခံလူတစ်ဦးအဖြစ် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ဘိုနူချီသည် အေစီမီလန်နှင့် အူန်ယွန်းဘာလင်အသင်းများတွင်လည်းကစားခဲ့ဖူးပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဘိုနူချီက ''ကျွန်တော့်အနေနဲ့ ကစားသမားဘဝတစ်လျှောက် ကွင်းတွင်းကွင်းပြင်မှာ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ အမြဲကြိုးစားခဲ့ပါတယ်။ ဖီနာဘာချီအသင်းရဲ့ မိသားစုထဲမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း အလွန်ပဲနှစ်သက်ကြည်နူးမိပါတယ်''ဟု အမှတ်တရနှုတ်ဆက်စကား ပြောကြားခဲ့သည်။

 

Most Read

Most Recent